Social Icons

Pages

Thursday, May 12, 2016

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂၆ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၂-၅-၂၀၁၆

အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦးသည် ယမန်နေ့ ညပိုင်းတွင် ထိုင်းလေကြောင်း လိုင်း အမှတ် TG-305 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါအဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး နှင့် တာဝန်ရှိသူများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ IOM (Myanmar) မှ တာဝန်ရှိ သူများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက် ကြိုဆိုကြပြီး လူမှုဝန်ထမ်း ဦးစီးဌာန အမှတ် (၆၅) ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း၌ ယာယီလက်ခံ စောင့်ရှောက်ရန် ပေးပို့ထားကြောင်း သိရသည်။

ယာယီ စောင့်ရှောက်စဉ် ကာလအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြား ပျောက်ဆုံး နေသူများ၊ မရှိသေး သူများအတွက် လိုအပ်သည့် ခရီးသွား ထောက်ခံစာများ ဆောင်ရွက်ပေးခြင်း များကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ လာရောက် ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ ကျန်းမာရေးဌာန မှ ကျန်းမာရေး စစ်ဆေးပေး ခြင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့မှ လာရောက် ဆောင်ရွက်ပေးခြင်း တို့ကို ညှိနှိုင်း ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှု ဝန်ထမ်းရုံး များနှင့် ဆက်သွယ်၍ မိဘရပ်ထံ ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ပွန်တီယာနက်မြို့ နှင့် အန်ဘွန်မြို့တို့မှ ယမန်နေ့ ပြန်လည် ရောက်ရှိလာသူ များသည် ရခိုင်ပြည်နယ်မှ ၂၂ ဦး၊ ချင်းပြည်နယ်မှ သုံးဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...