ရန်ကုန် ၊ ၁၆-၅-၂၀၁၆
မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်ကြီး တစ်ခုဖြစ်သည့် ရန်ကုန်မြို့သည် ယခင်က အရှေ့တောင်အာရှ နိုင်ငံများသာမက အာရှနိုင်ငံများထဲ တွင်လည်း အထင်ကရ မြို့တော်တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ထင်ရှားလှသည့် ဘုရားပုထိုး စေတီများ ၊ ဗိသုကာ လက်ရာမြောက် အဆောက်အအုံ များနှင့် စနစ်တကျ လှပသော မြို့ကွက် အနေအထား များကြောင့် ရန်ကုန်မြို့သည် ဒေသတွင်း နိုင်ငံများကပင် စံနမူနာပြုရသည် အထိ ထင်ရှား ခဲ့သည်။
လက်ရှိအချိန်တွင် ထိုသို့သော ဝိသေသ၊ လက္ခဏာများဖြင့် ပြည့်နှက် နေခဲ့သည့် ရန်ကုန်မြို့ကို ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရန်အတွက် ကြိုးပမ်းသွား မည်ဟု ကြားသိရသည်။ ထိုသို့ အမွေအနှစ်
စာရင်းဝင်နိုင်ရန် အတွက် ကနဦးပဏာမ စာရင်းဝင်နိုင်ရန် အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။
ရန်ကုန်မြို့သည် သမိုင်းဝင် အမွေအနှစ် မြို့အဖြစ် ယူနက်စကို၏ ကမ္ဘာ့စာရင်းဝင် နိုင်ရန် အနေအထားမှာ ရွှေတိဂုံ စေတီတော် နှင့် ကိုလိုနီခေတ် အဆောက်အအုံ များကြောင့် သာမက တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုဝေး နေထိုင်ရာ မြို့တစ်မြို့ ဖြစ်သည့် အတွက် ရန်ကုန်မြို့၏ ဂုဏ်သတင်း ကို ပိုမိုမွှေးပျံ့ စေသည့် အဓိက အချက်များပင် ဖြစ်သည်။ ယင်း အချက်များမှာ ပဏာမစာရင်း လျှောက်ထားပါက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်မည် ဖြစ်ကြောင်း ယူနက်စကိုမြန်မာ (ယဉ်ကျေးမှု) ၏ အမျိုးသားအဆင့် စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုး က ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လက်ရှိ အနေအထားမှာ ပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် လုပ်ဆောင်ခဲ့ပြီး နောက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုမြို့ဟောင်း နှင့် မြောက်ဦးမြို့ကို စာရင်းဝင်ရန် ဆက်လက် ကြိုးပမ်းနေပြီး ယင်းမြို့နှစ်မြို့ ၏ လုပ်ဆောင်ချက်များ ပြီးစီးပါက ရန်ကုန်မြို့နှင့် ရွှေတိဂုံဘုရား ကို စာရင်း တင်သွင်းရန် အစီအစဉ် ရှိကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့သည် သမိုင်းဝင်စေတီ၊ ရှေးဟောင်း အဆောက်အအုံ များစွာ ရှိသော်လည်း တစ်ဖက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့်အတွက် မြို့ပြဖွံ့ဖြိုး တိုးတက်မှု မှာလည်း ဆက်လက် ဖြစ်ပေါ်လျက် ရှိသဖြင့် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုကို ချိန်ညှိပေးနိုင်မည့် စီမံခန့်ခွဲမှု ရှိမှသာလျှင် ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ပါဝင်ရန် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပညာရှင် များက သုံးသပ်ကြသည်။
ရန်ကုန်မြို့တော် အတွက် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုးမှု ကို ထိန်းညှိပေး နိုင်သည့် စီမံခန့်ခွဲမှု မျိုးသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ရေးဆွဲစ မပြီးပြတ်သေးသည့် မြို့မြေ အသုံးချမှုဇုန် ရှိရန် လိုအပ်ခြင်း ဖြစ်ပြီး မည်သည့်နေရာ များတွင် လေးထပ်ထက် ပိုပြီး အဆောက်အအုံ မဆောက်လုပ်ရန်၊ မည်သည့် နေရာတွင် ဈေးအဖြစ် သတ်မှတ်ရန်၊ မည်သည့်နေရာ များကို အပန်းဖြေစရာ နေရာများ အဖြစ် သတ်မှတ်ရန် စသည့် စီမံခန့်ခွဲမှုမျိုး လိုအပ်နေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့သည် စီးပွားရေးအရ အချက်အချာ ကျသော အခွင့်အလမ်း ကောင်းသောမြို့ ဖြစ်လာသည့် အတွက် အနယ်နယ် အရပ်ရပ်မှ ရေကြည်ရာ မြက်နုရာ လာရောက် စီးပွားရှာသူများ တစ်စထက် တစ်စ များပြားလာလျက် ရှိပြီး စီးပွားရေး ဟူသော ရည်ရွယ်ချက် တစ်ခုတည်းဖြင့် အဆောက်အအုံများ တည်ဆောက် ခဲ့ခြင်းနှင့် များပြားလာသော လူဦးရေအတွက် လူနေ အဆောက်အအုံ များစွာ တည်ဆောက် ခဲ့ခြင်းများကြောင့် လမ်းပန်း ဆက်သွယ်ရေး ပိုင်းတွင် အကျပ်အတည်း ဖြစ်ပေါ်နေခြင်း၊ အများပြည်သူ အပန်းဖြေစရာ ရှားပါး လာခြင်း စသည့် စနစ် မကျသည့် မြို့ပြပုံစံများ ဖြစ်ပေါ် လာခဲ့ရသည်။
ရန်ကုန်မြို့တော် ၏ လူဦးရေမှာ လက်ရှိ အချိန်တွင် ငါးသန်းခန့် ရှိနေပြီး နောင်နှစ် ၂ဝ ခန့်တွင် ၁ဝ သန်းမှ ၁၁ သန်းကြားထိ တိုးပွားလာနိုင် သည့်အတွက် ထိုသို့ တိုးများလာမည့် လူဦးရေအတွက် မြို့သစ် တိုးချဲ့ခြင်း များကို ဆောင်ရွက်ထားရှိ ရန်လိုအပ်ပြီး မြို့ သစ် ဧရိယာ ချဲ့ထွင်ခြင်းတွေ နဲ့အတူ မြို့သစ် ဧရိယာမှာ ရှိသည့် မြေကွက်လွတ် များကို အကျိုးရှိအောင် အသုံးချနိုင်ရန် အတွက် စနစ်ကျသည့် အစီအစဉ်တွေ ကြိုတင် ရေးဆွဲထား သင့်ကြောင်း လည်း ပညာရှင် များက အကြံပြု ကြသည်။
မည်သို့ပင် ဖြစ်စေ မူလရှိရင်းစွဲ ရှေးဟောင်း အမွေအနှစ် သာသနိက အဆောက်အအုံ များနှင့် ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံ များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း သာမက စီးပွားရေး မြို့တော်တစ်ခု ဖြစ်သည့် အတွက် ရိုက်ခတ်လာသည့် မြို့ပြ လူနေမှုပုံစံ များကို စနစ်တကျ ဟန်ချက်ညီစွာ ဆောင်ရွက် ကြလျှင်ဖြင့် မကြာမီ ကာလအတွင်း ရန်ကုန်မြို့တော် ကြီးသည် ယူနက်စကို ၏ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဒေသ တစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ် ၊ စာ(၁)
No comments:
Post a Comment