Social Icons

Pages

Wednesday, May 11, 2016

တရုတ်နိုင်ငံ နယ်စပ်ဝင်ပေါက်များကို သံတိုင်များဖြင့် ပိတ်ဆိုကာရံမှုကြောင့် ဆန် ၊ ပြောင်း တင်ပို့မှုများ အခက်အခဲ ဖြစ်ပေါ်


မူဆယ် ၊ ၁၁-၅-၂၀၁၆

မြန်မာနိုင်ငံ၏ အရှေ့မြောက် ဒေသနှင့် ထိစပ်လျက် ရှိသော တရုတ်နိုင်ငံ နယ်စပ် ဝင်ပေါက်များတွင် သံတိုင်များနှင့် ပိတ်ဆို့ကာရံ မှုကြောင့် မြန်မာနိုင်ငံမှ တင်ပို့မည့် ဆန်၊ ပြောင်း ကုန်သည်များ အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း ခရိုင် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန (မူဆယ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''တရုတ်ဘက်က ဧပြီ ၂၃ ရက်ကစပြီး သူတို့ နိုင်ငံထဲကို ဝင်တဲ့ ကုန်းနယ်နိမိတ် ဝင်ပေါက်တွေ၊ ရွှေလီမြစ် တစ်လျှောက် ဝင်ပေါက်တွေကို ရှစ် ပေ၊ ၁ဝ ပေလောက် ရှိတဲ့ သံတိုင်တွေနဲ့ ပိတ်ထားပါတယ်။ ဆန်နဲ့ပြောင်းက ကျွန်တော်တို့ နိုင်ငံအနေနဲ့ တရားဝင် တင်ပို့ခွင့် ဆိုပေမယ့် သူတို့ နိုင်ငံမှာက တရားမဝင်တဲ့ ကုန် ဖြစ်နေပါတယ်။ အရင်ကတော့ တရုတ်ဘက်မှာ ရုတ်တရက် စစ်ဆေး ဖမ်းဆီးတာ၊ ရှောင်တခင် စစ်ဆေးဖမ်း ဆီးတာ ရှိခဲ့ပေမယ့် အခုလို ဝင်ပေါက်တွေမှာ သံတိုင်တွေနဲ့ ပိတ်ထား တာမျိုးတော့ မြန်မာ ကုန်သည်တွေ အနေနဲ့ တစ်ခါမှ မကြုံဖူးကြ ဘူးလေ။ အဲဒီတော့ တရုတ်ကုန်ကား တွေကလဲ ဆန်နဲ့ပြောင်းကို မတင်ကြဘူး။ တချို့တလေ ကျတော့လဲ မရရတဲ့ နေရာကနေ ပို့နေရတာတော့ ကြားရပါတယ်''ဟု ၄င်းက ပြောပြသည်။

ထိုသို့ ဆန်နှင့် ပြောင်းတင်ပို့မှု အခက်အခဲ ကြောင့် နယ်စပ်ကုန်စည် စီးဆင်းမှုတွင် ကုန်သည်များသည် သိုလှောင်ရုံ သာရှိပြီး ယခင်က ကဲ့သို့ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။ မြန်မာနိုင်ငံ မြေပြန့်ဒေသ များမှ ကုန်သွယ်ရေး ဇုန်အတွင်းသို့ တစ်ရက်လျှင် ဆန်တန်ချိန် အနည်းဆုံး တန် ၆ဝဝ မှ တန် ၁၅ဝဝ ထိ တင်ပို့လျက် ရှိပြီး ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၉ ယွမ်မှ အများဆုံး ၁၅၁ ယွမ်ထိ ဈေးရရှိကြောင်း၊ ပြောင်းတင်ပို့မှု အနေဖြင့် တစ်ရက်လျှင် အနည်းဆုံး တန်ချိန် ၇ဝဝ မှ အများဆုံး တန်ချိန် ၁၅ဝဝ ထိရှိနေပြီး ပြောင်းဈေးမှာ ၅ဝ ကီလို တစ်အိတ်လျှင် အနည်းဆုံး ၈၆ ယွမ်မှ ယွမ် ၉ဝ ထိ ရရှိနေကြောင်း သိရသည်။

သစ်သီးဝလံ တင်ပို့မှု အနေဖြင့် ဖရဲသီး၊ သခွားသီး များသည် အဝင် နည်းပါးလျက် ရှိပြီး သရက်သီး များမှာ ဧပြီ ၃ ရက်မှ စတင်ဝင် ရောက်မှု များပြားလာပြီး ၁ ကီလို လျှင် နှစ်ယွမ်မှ ၅ ဒသမ၂ ယွမ်ထိ ဈေးရရှိနေသည်။ ရေထွက် ပစ္စည်းဈေးနှုန်း အနေဖြင့် ငါးရှဥ့် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅ဝဝ နှင့် ကဏန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၄ဝဝ ရရှိနေကာ ပုံမှန် စီးဆင်း နေကြောင်း သိရသည်။

ပဲ၊ နှမ်းနှင့် သစ်သီးဝလံ များသည် နှစ်နိုင်ငံ တရားဝင် တင်ပို့ခွင့်ရ၍ ပုံမှန်စီးဆင်း နေသော်လည်း နယ်စပ် ကုန်သွယ်ရေး ၏ အဓိကကုန် ဖြစ်သော ဆန်နှင့် ပြောင်း အတွက်မူ တရုတ် နယ်စပ်ဝင်ပေါက် များ ပိတ်ဆို့ ကာရံ ထားမှုကြောင့် မြန်မာ ကုန်သည်များ အခက်အတွေ့ နေရကြောင်း ၄င်းရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...