Social Icons

Pages

Sunday, April 3, 2016

ဗောင်းတော်ချုပ် ကန်တော်မင်္ဂလာရှိ မြွေကြီးများကို ပြည်တွင်းပြည်ပ ဧည့်သည်များ စိတ်ဝင်စားမှု အများဆုံးဖြစ်



ရန်ကုန် ၊ ၃-၄-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ဗောင်းတော်ချုပ် သတ္တဌာန သာသနာ့ နယ်မြေတွင် ရှိသည့် ကန်တော်မင်္ဂလာ ရေကန်တော် အလယ်၌ တည်ထားသော ဘုရားကျောင်း ဆောင်ရှိ မြွေကြီးများကို ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များ အကြား စိတ်ဝင်စားမှု အများဆုံး ဖြစ်နေကြောင်း ယင်း ကန်တော်မင်္ဂလာ ၌ ဝေယျာဝစ္စ လုပ်ကိုင်နေသူ များထံမှ သိရသည်။

''ပြည်တွင်းပြည်ပ က ဘုရားဖူးတွေ အများကြီး လာကြတယ်။ ဒီကိုရောက်တာနဲ့ မြွေကြီးတွေကို လေ့လာကြတယ်။ အကောင်ပေါင်း ၁ဝဝ ကျော်ရှိတယ်။ တချို့မြွေတွေဆိုရင် လုံးပတ် တော်တော်ကြီး တယ်။ အရှည် ၁၅ ပေလောက် ရှိတဲ့ မြွေတွေလည်း ရှိတယ်။ ဘုရားမြွေ ဆိုတော့ ဒီကျောင်းဆောင် မှာပဲ သူ့ဘာသာသူ လာနေကြတာပါ။ ဘုရားဖူးတွေကို ဘာအန္တရာယ်မှ မပြုကြဘူး'' ဟု ဝေယျာဝစ္စ တာဝန်ခံ ဆရာလေး ဒေါ်ယုစန္ဒာ က မိန့်ကြား ခဲ့သည်။

ထိုကန်တော် အလယ်၌ရှိသော ဘုရားကျောင်းဆောင် အတွင်း၊ အပြင်နှင့် ပြတင်းပေါက်များ ပါမကျန် မြွေကြီးများ လာရောက် နေထိုင်ကြပြီး စပါးကြီးနှင့် စပါးအုံးမြွေများ ဖြစ်ကြကာ ဥချသည့် အခါတွင်လည်း ယင်း ကျောင်းဆောင် အတွင်း၌ပင် ဥချလေ့ ရှိသည်။ တချို့ ဘုရားဖူးများက မြွေငယ်များ အတွက် နွားနို့ တိုက်ကျွေးရန် ငွေကြေးများ လှူဒါန်းကြသည်။ 

''တွံတေးကိုလာရင်း ဒီကို ရောက်ဖြစ်တာပါ။ ဧည့်သည်တွေက ပို့ပေးပါဆိုလို့ ပို့ပေးရင်းနဲ့ပေါ့။ ကျောင်းဆောင်ထဲမှာ မြွေတွေ အများကြီးဆိုတော့ အသည်းယားလို့ ကျောင်းဆောင်ထဲ မဝင်ဖြစ်ဘူး။ အပြင်ကနေပဲ ကြည့်မိတယ်။ 

ကျွန်မနဲ့အတူ ပါလာတဲ့ ဧည့်သည် မိသားစုကတော့ စိတ်ဝင်တစားနဲ့ မြွေတွေကို ဓာတ်ပုံရိုက်ကြတယ်။ သူတို့ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး လို့လည်း ပြောကြတယ်'' ဟု ဂျာမန် ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

မြွေကြီးများသည် ထိုကန်တော် မင်္ဂလာအလယ်တွင် ရှိသော ကျောင်းဆောင် အတွင်းမှ ရုပ်ပွားတော်များ အနီး၌ လည်းကောင်း၊ အလှူခံပုံးများ အောက်၌ လည်းကောင်း၊ ပြတင်းပေါက် ပေါင်များ၌ လည်းကောင်း၊ လှေကားများ တစ်ဝိုက်၌ လည်းကောင်း ခိုအောင်းနေထိုင် ကြကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...