Social Icons

Pages

Sunday, March 13, 2016

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူ ကလေးသူငယ် ၄၆ ဦးအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေးအပ်


ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ တပ်အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တောက်ထွန်း အခမ်းအနား တက်ရောက်လာကြသူ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၃-၃-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) နှင့်မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့ တို့၏ အစီအမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက် သေးသူကလေး သူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အလိုက် အသေးစိတ် စိစစ်၍ နုတ်ထွက်ခွင့်ပြု လျက်ရှိရာ ၄၆ ဦးထပ်မံ စိစစ်တွေ့ရှိ ရသဖြင့် ၄င်းတို့၏ မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း တွင် ပြုလုပ်သည်။

ဦးစွာ အရွယ်မရောက် သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ တပ်အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တောက်ထွန်း နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ဒုတိယဌာနေ ကိုယ်စားလှယ် Ms.Shalini Bahuguna တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် တပ်မတော်မှ နုတ်ထွက်ခွင့်ပြု သည့် လက်မှတ်နှင့် ၁ဝ နှစ်မှ ၁၈ နှစ်ကြား နိုင်ငံသား စိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူ တို့ကပေးအပ်ခဲ့ပြီး ကလေးများအား မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး တို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်ကြသော UNICEF ၊ UNHCR ၊ ILO ၊ Save the Children ၊ World Vision ၊ World Food Programme ၊ UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်လည် နုတ်ထွက်ခွင့်ရ ကလေးသူငယ် ၄၆ ဦးနှင့် ၄င်းတို့၏ မိဘများ၊ အုပ်ထိန်းသူများတက်ရောက် ကြသည်။

အခမ်းအနား ပြီးနောက် ကလေးများနှင့် မိဘများကို မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစု စောင့်ရှောက်ရေး စခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှု ရှိ/မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှု ခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင် ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန် ဖြစ်နိုင်ခြေများ ဆန်းစစ်ခြင်း နှင့်လက်ငင်း အသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန် ခရီးစရိတ်နှင့် စားစရိတ် စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ တပ်မတော်အတွင်း အရွယ် မရောက်သေးသူ ကလေးသူငယ် များကို စိစစ် ဖော်ထုတ်၍ မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာ ယခုအကြိမ် အပါအဝင် စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ခဲ့ကာ ကလေးသူငယ် စုစုပေါင်း ၇၄၄ ဦးကို လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အရွယ်မရောက် သေးသူ ကလေးသူငယ် စစ်သည်များ တပ်မတော် အတွင်း၌ လုံးဝမကျန်ရှိ စေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အရွယ်မရောက် သေးသူ ကလေးသူငယ် များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်း အမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့ သူများရှိပါ ကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ တာဝန်ရှိသူ အရာရှိ ၇၃ ဦးနှင့် စစ်သည် ၃ဝ၉ ဦး၊ စုစုပေါင်း ၃၈၂ ဦးကိုလည်း စစ်စည်းကမ်းနှင့် အညီ အရေးယူ ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...