အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်၍ မြို့ပြများ ဖွံ့ဖြိုးတိုးတက် ရုံဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက် ပြီဟု မဆိုနိုင်ပေ။ ပြည်နယ်၊ မြို့နယ်များနှင့် နယ်စပ် တစ်လျှောက်ရှိ ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း များကို ဖော်ဆောင်ပေး နိုင်မှသာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ပြီဟု ဆိုရပေမည်။
ထို့ပြင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး ဆောင်ရွက်ရန် လိုပြီး အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အစိမ်းရောင် စီးပွားရေး ဖြစ်သည့် လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့ တင်ပို့ နိုင်ရေးနှင့် ဖြန့်ဖြူးနိုင်ရေး တွင် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍသည် အသက် သွေးကြောပမာ အရေးပါ လာသည်။ ယခုအခါ ကျေးလက်နှင့် မြို့ပြ၊ နယ်စပ်နှင့် တောင်ပေါ် ဒေသများပါ မကျန် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသောကြောင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့လာမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော် သည် တောင်ပေါ်မြေပြန့် ဒေသအနှံ့တွင် ရှိသည်။ နိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ကို ဗဟိုပြု၍ အစိမ်းရောင် စီးပွားရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေကြသူများ ဖြစ်သည်။ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရုပ်လုံးပေါ် လာမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကျေးလက်ဒေသ များ၏ အဓိက လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး နှင့် ညီညွတ်သော သောက်သုံးရေ ရရှိရေး အပြင် မြို့ပြနှင့် ကျေးလက်၊ ကျေးလက် ဒေသချင်း ဆက်သွယ်ရေး ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိသည်။
စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေး ဝမ်းကျောင်းပြု နေသော ကျေးလက်ဒေသ များတွင် လျှပ်စစ်မီးနှင့် သောက်သုံးရေ လုံလောက်စွာ ရရှိလာပြီး မြို့ပြနှင့် ကျေးလက် ဆက်သွယ်ရေး အခက်အခဲမရှိ ပေါက်ရောက် လာသော အချိန်တွင် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင်စွာ ပေါ်ထွန်းလာမည် ဖြစ်သည်။
အစိမ်းရောင် စီးပွားရေး ဟူသည် ဒေသ၏ ရေမြေ အခြေအနေ သဘာဝ ပတ်ဝန်းကျင်ရှိ တောတောင် အနေအထား ပကတိ အခြေအနေမှန် များနှင့် အံဝင်ခွင်ကျ ဖြစ်စေပြီး ဒေသကို ကြီးစွာ အထောက်အကူ ဖြစ်စေမည့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ကောင်းများ ဖြစ်သည်။
သို့ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဦးတည်သည့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အောင်မြင် စေရန်အတွက် လူအင်အား၊ ငွေအင်အား၊ နည်းပညာအား များ၏ ကူညီ ပံ့ပိုးမှုဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment