Social Icons

Pages

Thursday, February 4, 2016

ဆယ်ကျော်သက်အမျိုးသမီးများ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်



ကောင်းထက်

ဆယ်ကျော်သက် အရွယ် အမျိုးသမီးများ အနေဖြင့် ဟင်းသီးဟင်းရွက် နှင့်သစ်သီးများ အပါအဝင် အမျှင်ဓာတ် ကြွယ်ဝသည့် အစားအစာများကို စားသုံးခြင်းသည် နောက်ပိုင်းတွင် ရင်သား ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချ နိုင်စေမည် ဖြစ်သည်။

အထက်တန်း ကျောင်းသူအရွယ် တွင် အမျှင်ဓာတ် ကြွယ်ဝသော အစားအစာ တစ်ရက်လျှင် ၂၈ ဂရမ်ခန့် စားသုံးခဲ့သည့် အမျိုးသမီး ၄၄ဝဝဝ ကျော်သည် တစ်ရက်လျှင် ၁၅ ဂရမ်ခန့်သာ စားသုံးသည့် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ၄င်းတို့ သွေးဆုံးချိန်မတိုင်မီ ရင်သားကင်ဆာ ဖြစ်ပွားမှု သိသိသာသာ လျော့နည်းလျက် ရှိသည်ကို တွေ့ရသည်။

ထို့ပြင် အမျိုးသမီးများ ငယ်ရွယ်စဉ်တွင် အမျှင်ဓာတ် ကြွယ်ဝသည့် အသီးအနှံ အများအပြား စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၁၆ ရာခိုင်နှုန်း လျှော့ချပေး နိုင်ပြီး သွေးဆုံးချိန် မတိုင်မီ ရင်သား ကင်ဆာ ဖြစ်ပွားမှုကို ၂၄ ရာခိုင်နှုန်းအထိ လျှော့ချပေး နိုင်သည့်အပြင် အသီးအနှံများကို တစ်ရက်လျှင် ၂၅ ဂရမ်မှ ၃ဝ ဂရမ်ကြား စားသုံးသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု ၃ဝ ရာခိုင်နှုန်း အထိ လျှော့ချပေး နိုင်သည်။ အဆိုပါ အမျှင်ဓာတ် ကြွယ်ဝသော အသီးအနှံများနှင့် အစားအစာများ အနက် အချို့မှာ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲနီကလေး၊ ဂျုံခေါက်ဆွဲ၊ ပေါင်မုန့်ကြမ်းနှင့် ဆန်လုံးညို အစရှိသည်တို့ပင် ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်သော အမျှင်ဓာတ် ကြွယ်ဝသည့် အစားအစာ များသည် အမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်း လည်ပတ်မှုကို လျှော့ချပေး နိုင်ကြောင်း သုတေသန ပညာရှင်များက တွေ့ရှိထားပြီး ဖြစ်သည်။

ရင်သားကင်ဆာ ဆိုသည်မှာ အမျိုးသမီးများ၏ ရင်သားတစ်သျှူး များမှတစ်ဆင့် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါရောဂါ ခံစားရသူသည် ရင်သားတွင် အစိုင်အခဲ လေးများကို စမ်းသပ်တွေ့ရှိခြင်း၊ ရင်သား ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း၊ နို့သီးခေါင်းမှ တစ်ဆင့် အရည်များ စိမ့်ထွက်လာခြင်းနှင့် ရင်သား အရေပြားပုံစံများ ပြောင်းလဲလာခြင်း စသည်တို့ ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် အမျိုးသမီးများကို သေဆုံးစေသည် အထိ ဖြစ်စေနိုင်သော ရင်သားကင်ဆာ ကို ကာကွယ်ရန်နှင့် ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချနိုင် စေရန် ယခုကဲ့သို့ ရည်ရွယ်ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...