Social Icons

Pages

Tuesday, February 2, 2016

မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်လုပ်ငန်း နှင့် ဈေးဆိုင်ခန်းများ အတွက် လျှောက်ထားမှုကို လက်ခံဆောင်ရွက်နေ



မကွေး ၊ ၂-၂-၂၀၁၆

မကြာမီ ကျင်းပတော့မည့် ရွှေစက်တော်ဘုရား ဈေးဆိုင်ခန်းများနှင့် တည်းခိုဆောင် လုပ်ငန်း လျှောက် ထားမှုကို ဂေါပကအဖွဲ့မှ လက်ခံဆောင်ရွက် နေပြီဖြစ်ရာ လက်ရှိ အချိန်အထိ တည်းခိုဆောင် လုပ်ငန်းအတွက် လျှောက်လွှာ အစောင် ၃ဝဝ ကျော် လက်ခံရရှိပြီး ဖြစ်ကြောင်း ရွှေစက်တော် ဘုရားဂေါပက အဖွဲ့မှ သိရသည်။

ထိုသို့ တည်းခိုဆောင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရန် အတွက် လိုက်နာရမည့် စည်းကမ်းချက် များကို ဂေါပကအဖွဲ့မှ ထုတ်ပြန်ကြေညာ ထားပြီး စည်းကမ်းချက် များတွင် လုပ်ကိုင်ခွင့် ရရှိသူက တစ်ဆင့်လွှဲပြောင်း ရောင်းချခြင်း မပြုရန် တားမြစ်ထားကာ တည်းခိုဆောင် တာဝန်ခံ၏ အမည်နှင့် တည်းခိုခနှုန်း များကို တည်းခိုဆောင် နေရာချထားရေး ရုံး၌ ထင်ရှားစွာ ရေးသားထား ရမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ယခင်နှစ်များ၌ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသူများ၏ တစ်ဆင့်ပြန်လည် ရောင်းချမှုများ ရှိနေပြီး ထိုသို့ ရောင်းချမှု များကြောင့် တည်းခိုဆောင် နှုန်းထားများမှာ ပိုမိုမြင့်တက် လာခြင်း ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတွင် တည်းခိုဆောင် လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင် နေသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယခုနှစ်အတွက် မန်းရွှေစက်တော် ဘုရားပွဲတော်၌ တည်းခိုဆောင် ငှားရမ်းခ ဈေးနှုန်းများကို စနစ်တကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် တည်းခိုဆောင်များ ဆောက်လုပ်နေဆဲ ဖြစ်သဖြင့် အဆိုပါ တည်းခိုဆောင်များ ပြီးစီးမှသာ ဂေါပကအဖွဲ့မှ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရွှေ စက်တော် ဘုရားဂေါပက အဖွဲ့မှ သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော် ၏ တည်းခိုဆောင် ငှားရမ်းခများမှာ စနေ၊ တနင်္ဂနွေနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များ၊ သင်္ကြန်ရက် များတွင် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လေ့ရှိပြီး အဆိုပါရက် များတွင် ၈ ပေ ပတ်လည်ခန့် ကျယ်ဝန်းသည့် ဝါးကြမ်းခင်း၊ ထရံကာအခန်း တစ်ခန်းလျှင် ကျပ် ၈ဝဝဝဝ မှ တစ်သိန်းခွဲခန့် အထိရှိကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်၌ တည်ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော် ကို နှစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ဧပြီ ၁၇ ရက်အထိ နှစ်လနီးပါးခန့် ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူ အများအပြား လာရောက်သော ပွဲတော်ကြီး တစ်ခု ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...