Social Icons

Pages

Friday, January 29, 2016

ရေငန်ထွက်ကုန် ၄၀ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ်ပြီးမှသာ ပြည်ပသို့တင်ပို့မည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများတင်ပို့ ရောင်းချသည့် ဈေးကွက်အတွင်း လက်ရှိတင်ပို့ ရောင်း ချလျက် ရှိသည့် ရေငန်ထွက်ကုန် ပစ္စည်းများ၏ ၄ဝ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ် ပြီးမှသာ တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေငန်ထွက်ကုန် ပစ္စည်းများကို အာရှဒေသတွင်း နိုင်ငံများအနက် တရုတ်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ အများဆုံးဝယ်ယူလျက် ရှိပြီး ဥရောပ ဈေးကွက်မှလည်း ဝယ်ယူမှု မြင့်တက် လာကြောင်း သိရသည်။

ရေငန်ထွက်ကုန် များကို ပြည်ပသို့ တင်ပို့ရောင်းချမှု အနေအထားမှာ ပြီးခဲ့သည့် နှစ်များ ထက် နှစ်ဆခန့်မြင့်တက် လာကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ရေငန်ထွက်ကုန် ပစ္စည်းများကို ပုံမှန် အနေအထားဖြင့် ပြည်ပသို့ တင်ပို့ရောင်းချ ခြင်းထက် ကုန်ချောအဖြစ် ပြုပြင်ပြောင်းလဲပြီး တင်ပို့ခြင်းက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိခြင်းကြောင့် ပြည်ပမှပညာရှင် များကို ခေါ်ယူ၍ ကုန်ချောပြုပြင် ထုတ်လုပ် တင်ပို့ရန် ပြင်ဆင်ခြင်း ဖြစ်သည်။

''လက်ရှိတင်ပို့ ရောင်းချနေတဲ့ ရေငန်ထွက်ကုန် တွေရဲ့ ၄ဝ ရာခိုင်နှုန်းကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီးမှ ပြည်ပကို တင်ပို့ရောင်းချ တော့မယ်။ အဲဒါကလည်း ဂျပန်နိုင်ငံကို ရောင်းချတဲ့ ဈေးကွက်နဲ့ ဥရောပကို တင်ပို့ရောင်းချတဲ့ ဈေးကွက်အတွက် ပြင်ဆင်တာပါ။ ထိုင်းနဲ့တရုတ် နိုင်ငံကတော့ ကုန်ကြမ်းတွေကိုပဲ ဝယ် ယူတာ များတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ထိုသို့ ရေငန်ထွက်ကုန် များကို ကုန်ချောအဖြစ် ပြင်ဆင်ထုတ်လုပ်ရန် ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာ သင်ကြားမှုများ ပြုလုပ် သွားမည့်အပြင် ဗီယက်နမ်နိုင်ငံမှ ပညာရှင်များ ကိုလည်း ခေါ်ယူသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...