Social Icons

Pages

Tuesday, December 15, 2015

ပရိုတင်းဓာတ် ကြွယ်ဝသည့် ၀ါးပိုးကောင် များ လှိုင်လှိုင်ထွက်ပြီး ဈေးကွက်သို့ ၀င်ရောက်လာ



ရန်ကုန် ၊ ၁၅-၁၂-၂၀၁၅

ယခုရာသီသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းဖြတ် ဒေသတစ်ဝိုက် တောတောင်များ အတွင်းရှိ ဝါးရုံတော များတွင် ဒေသခံ များနှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ မှ အထူးနှစ်ခြိုက်စွာ စားသုံးလျက် ရှိသော ပရိုတင်းဓာတ် ကြွယ်ဝသည့် ဝါး ပိုးကောင်များ လှိုင်လှိုင် ထွက်ရှိသော ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဝါး ပိုးကောင် များကိုအိမ်နီးချင်း နိုင်ငံများမှ စားသောက်ရန်နှင့် ဆေးဝါးများ ဖော်စပ်ရန် ဝယ်ယူမှုများ ရှိကြောင်း သိရသည်။

''ဝါး ပိုးဆိုတာက ဒေသ အခေါ်အဝေါ် ပါ။ ဝါးပင်တိုင်းမှာမရှိတတ်ပါဘူး။ ဝါး ပိုးရှိတဲ့ ဝါးပင်ကို သေသေချာချာ ကြည့်ရင် ရေတွေစိမ့်ထွက် နေတာကို တွေ့ရတယ်။ ဒါမှ ဝါးပိုးရှိတယ်လို့ ခန့်မှန်း နိုင်ပါတယ်။ အကောင်ရေ ကတော့ ခန့်မှန်းလို့ မရပါဘူး။ ဝါးတစ်ဆစ်မှာ အကောင်ရေ ၂ဝ ကနေ ၃ဝ လောက်အထိ ရှိတတ်ပြီး တစ်ခါတလေမှာ အကောင် ၁ဝဝ လောက်ရှိတာ ကိုလည်း တွေ့ရတတ် ပါတယ်။ ကျွမ်းကျင်မှုပေါ် မူတည်ပြီး တစ်နေ့ကို တစ်ပိဿာ လောက်ရရှိကြ ပါတယ်။ မကျွမ်းကျင်တဲ့ သူတွေကတော့ တစ်နေ့ကို ၂၅ ကျပ်သားကနေ ၃ဝ ကျပ်သား လောက်ပဲရရှိတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုရာသီမှာ ဝါး ပိုးရှာတဲ့ သူတွေ အများအပြား ရှိပြီး ဒိုင်တွေကို အသီးသီး သွင်းကြတယ်။ ဒီဝါး ပိုးရှာတဲ့ လုပ်ငန်းက တစ်ပိုင်တစ်နိုင် လုပ်ကိုင်လို့လည်း ရတာကြောင့် မိသားစုလိုက် လုပ်ကိုင်တဲ့ သူတွေလည်း များပါတယ်''ဟု ဝါး ပိုးရှာဖွေသူ တစ်ဦးက ပြောသည်။

ဝါး ပိုးကောင်များကို ဒိုင်များသို့ သွင်းယူရာ၌ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝဝ ရရှိသည်။ ဝါး ပိုးကောင်ကို လက်လီ ဝယ်ယူမည့်သူများ နည်းပါးကာ လက်ကား ဝယ်ယူကာ ပြန်လည် သန့်စင်ရွေးချယ်၍ ဝါး ပိုးကြော် ပြုလုပ်သူ များအား လက်လီပြန်လည် ရောင်းချကြောင်း သိရသည်။

ဝါး ပိုးကောင် တစ်ပိဿာကို ဆီဖြင့်ကြော်ပါက ၃ဝ ကျပ်သားခန့်သာ ရရှိပြီး ကြော်ပြီးသား ၁ဝ ကျပ်သားလျှင် ကျပ် ၁ဝဝဝဝ ဈေးခန့်ရှိကာ ဈေးနှုန်း အနေဖြင့် အနည်းငယ် အတက်အကျ ရှိကြောင်း သိရသည်။

၎င်းဝါး ပိုးကောင်အရှင် များကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချမှုပြုလုပ်ပြီး အဆိုပါနိုင်ငံ မှလည်း ဝါးပိုးကြော်များကို ဝယ်ယူမှု မရှိဘဲ အစိမ်းကိုသာ ဝယ်ယူမှု များကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှလည်း ၄င်း ဝါးပိုးကောင် များကို ဈေးကောင်းပေး၍ ဝယ်ယူမှုများ ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ဝါး ပိုးကောင် များကို ဆေးအဖြစ် အသုံးပြုမှု များပြားပြီး စားသောက်မှု များလည်း ရှိသည်။ တရုတ်နိုင်ငံမှ ဝါး ပိုးကောင် များကို အစိမ်း ဝယ်ယူခြင်းထက် ကြော်ပြီးသား သို့မဟုတ် ရွေးချယ်သန့်စင် ပြီးသား ဝါးပိုး အသေများကို ဝယ်ယူမှု များသည်။၎င်းတို့မှ ဝါး ပိုးကောင် ၁ဝဝ ဂရမ်လျှင် တရုတ်ယွမ် ၂ဝဝ ပေး၍ ဝယ်ယူပြီး ထိုင်းနိုင်ငံမှ ဝါး ပိုးကောင် များကို တစ်ကီလိုဂရမ် လျှင် ထိုင်းဘတ်ငွေ ၅ဝဝ မှ ၅၅ဝ အထိပေး၍ ဝယ်ယူကြောင်း သိရသည်။ ၄င်းတို့ထဲမှ ဝါးပိုးဘုရင်မကို တရုတ်နိုင်ငံမှ ဆေးဝါးဖော်စပ်ရန် အဓိက ဈေးကောင်းပေး၍ ဝယ်ယူ ကြသည်။ ဝါး ပိုးဘုရင်မများ ရှာဖွေရာတွင်လည်း တခြားဝါး ပိုးများ ရှာဖွေခြင်းထက် ခက်ခဲပြီး ဝါးတိုင်းတွင်လည်း မပါရှိ တတ်ကြောင်းသိရသည်။ ဝါး ပိုးဘုရင်မကို တရုတ်နိုင်ငံမှ ဝယ်ယူမှုများပြား ခြင်းကြောင့် ဈေးကွက်အတွင်း ဈေးကောင်း ရရှိကြောင်း သိရသည်။ ဝါး ပိုးဘုရင်မ တစ်ကောင်လျှင် မြန်မာငွေ ကျပ် ၁၃ဝဝ ခန့်ပေးရပြီး တစ်ပိဿာလျှင် မြန်မာငွေ ကျပ်သိန်းချီပြီး ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...