Social Icons

Pages

Tuesday, December 15, 2015

လိုင်စင်မရှိဘဲ ခရီးသွားဧည့်လမ်းညွှန် လုပ်ကိုင်နေပါက လုပ်ထုံးလုပ်နည်းအရ အရေးယူနိုင်



ရန်ကုန် ၊ ၁၅-၁၂-၂ဝ၁၅

ခရီးသွား ဧည့်လမ်းညွှန်များ အနေဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပေးထားသော ဧည့်လမ်းညွှန် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရှိရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ ထောင်ဒဏ်သုံးနှစ် နှင့် ဒဏ်ငွေ ကျပ်ငါးသောင်း အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂ဝ၁၃ ခုနှစ်ခန့်က တောင်ကိုရီးယား နိုင်ငံသားများ အနေဖြင့် လုပ်ကိုင်ခွင့်မရှိဘဲ ခရီးသွား ဧည့်လမ်းညွှန် အဖြစ် လုပ်ကိုင်မှုများ ရှိခဲ့သည်ဟု တိုင်ကြားမှုကြောင့် ယာယီရပ်တန့် သွားခဲ့သော်လည်း ယခု အချိန်အထိ တောင်ကိုရီးယား အပြင် ထိုင်းနိုင်ငံသား  များပါ လုပ်ကိုင်မှုများ ရှိနေကြောင်း၊ အဆိုပါ ကိစ္စရပ်ကို တာဝန်ရှိသူများ အနေဖြင့် စစ်ဆေး အရေးယူမှုများ လုပ်ဆောင် သင့်ပြီး နိုင်ငံခြားသားများ ဧည့်လမ်းညွှန် လုပ်ဆောင် ခြင်းကြောင့် ပြည်တွင်းရှိ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် များအတွက် အလုပ်အကိုင် အခွင့်အလမ်း နစ်နာမှု ဖြစ်စေပြီး နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ရသင့်သော အခွန်အခများ ဆုံးရှုံးကြောင်း ဝါရင့် ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ အနေဖြင့် လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီး ဌာနသို့ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ကြောင်း၊ လုပ်ငန်းလိုင်စင် အနေဖြင့် နှစ်နှစ်သက်တမ်း သတ်မှတ်ထား သော်လည်း အနားယူသွားသော ဧည့်လမ်းညွှန်များ အတွက် လေးနှစ် သက်တမ်းအထိ ထပ်မံသက်တမ်း တိုးနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

ဒေသဆိုင်ရာ ဧည့်လမ်းညွှန် သင်တန်းကို မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်တို့၌ ဖွင့်လှစ်ထားကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ သင်တန်းဆင်း ၁၆ဝဝ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်းမှ သင်တန်းဆင်း ၃၇ဝဝ ကျော် စုစုပေါင်း ၅ဝဝဝ ကျော်ကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားကြောင်း၊ ယခင်နှစ်များက ခရီးသွား ဧည့်လမ်းညွှန် ၈၇ဝဝ ကျော်အထိ ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...