Social Icons

Pages

Monday, November 16, 2015

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်၌ ဆိုင်ယာနိုက် အဆိပ်သင့်မှုရောဂါလက္ခဏာ တွေ့ရှိထားသူ အရေအတွက်များပြား



ဟုမ္မလင်း ၊ ၁၆-၁၁-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ်နှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသများ၌ ယခုနှစ်တွင် ဆိုင်ယာနိုက် အဆိပ်သင့်မှု ရောဂါလက္ခဏာ တွေ့ရှိထားသူ အရေအတွက် ပိုမိုများပြား လာခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး စစ်တမ်းများ အရ သိရသည်။

အဆိုပါ စစ်တမ်း၌ ဖော်ပြထားသည်မှာ ဆိုင်ယာနိုက် အဆိပ်သင့်ခြင်း ရောဂါ လက္ခဏာကို အမျိုးအစား လေးမျိုး ခွဲခြား၍ သတ်မှတ်ထားသည်။ ၄င်းတို့မှာ အရေပြား ရောဂါ ဖြစ်ပွားခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ မကြာခဏ ရောင်ရမ်းခြင်း၊ အဖုအပိမ့်များ ထွက်ခြင်း၊ လက်သည်းခွံများ ပွန်းပဲ့ခြင်း၊ အဝါရောင် သမ်းလာခြင်းနှင့် တက်ခြင်း၊ မေ့မြောခြင်းများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆိုင်ယာနိုက် အဆိပ်သင့်မှု လက္ခဏာများ တွေ့ရှိရသော ဒေသများရှိ လုပ်ငန်းခွင်သုံး အဝတ်အထည်များ၊ အစားအသောက် များနှင့် သောက်သုံးရေ များကို ဓာတ်ခွဲ စမ်းသပ်ရာတွင် ဆိုင်ယာနိုက်အဆိပ် ပါဝင်မှု ပမာဏ အချိုး လွန်ကဲစွာ တွေ့ရှိရ သည်ဟု ချင်းတွင်း မြစ်ကြောင်း ဆိုင်ရာ ကျန်းမာရေး စစ်တမ်းကောက် အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။ ဆိုင်ယာနိုက် ဆိုသည်မှာ ကာဗွန်နှင့် နိုက်ထရိုဂျင် ပါဝင်သော ဓာတုဗေဒ ဒြပ်ပေါင်း တစ်မျိုးဖြစ်ပြီး ပြင်းထန်သော အဆိပ် အမျိုးအစား ဖြစ်သည်။ အဆိုပါ အဆိပ်ကို အစိုင်အခဲ အားဖြင့် လည်းကောင်း၊ အငွေ့အားဖြင့် လည်းကောင်း တွေ့မြင်နိုင်ပြီး၊ ရေ၌လည်း ပျော်ဝင် နိုင်ကြောင်း သိရသည်။ ၄င်း ဆိုင်ယာနိုက် အဆိပ်သည် ဗက်တီးရီးယား များ၊ မှိုများ ၊ ရေညှိများနှင့် အချို့သော အပင်များ၊ အသီးအနှံများ၌ တွေ့ရရှိသည်။ အထူးသဖြင့် ဆိုင်ယာနိုက် အဆိပ်သည် ပန်းသီးအစေ့၊ မက်မွန်သီးအစေ့၊ ပီလောပီနံဥ များတွင် တွေ့ရှိရကြောင်း သုတေသနပြု ဓာတ်ခွဲစမ်း စစ်ချက်များ အရ သိရသည်။

ထို့ပြင် ဆိုင်ယာနိုက် ဓာတ်ပေါင်းကို လက်ဝတ် ရတနာများ ပြုလုပ်ရာတွင် လည်းကောင်း၊ သွပ်ရည်စိမ် လုပ်ငန်းများတွင် လည်းကောင်း၊ ရွှေ၊ ကြေး၊ သတ္တု ထုတ်လုပ်ရာတွင် လည်းကောင်း၊ စက္ကူ၊ ချည်မျှင်နှင့် ပလတ်စတစ် လုပ်ငန်းများတွင် လည်းကောင်း အသုံးပြုကြသည်။

အဆိုပါ ဆိုင်ယာနိုက် အဆိပ်သည် လူ၏ ခန္ဓာကိုယ်အတွင်း သို့ အသက်ရှူ လမ်းကြောင်းမှ လည်းကောင်း၊ ပါးစပ်မှ လည်းကောင်း၊ အရေပြားမှ လည်းကောင်း ဝင်ရောက်နိုင်သည်။ ထို့ကြောင့် လုပ်ငန်းခွင်သုံး ဦးထုပ်၊ နှာခါင်းစည်း၊ မျက်နှာ ၊ လက်အိတ်နှင့် ရှူးဖိနပ် တို့ကိုသေချာစွာ စနစ်တကျ ထားရှိရန် လိုအပ်ကြောင်း သိရသည်။

အကယ်၍မိမိ၏ ပတ်ဝန်းကျင်တွင် ဆိုင်ယာနိုက် အဆိပ်သင့်ရောဂါ ဖြစ်ပွားလာပါက ၄င်းလူနာကို ရေများများ တိုက်ပေးခြင်း၊ အော့အန်အောင် ပြုလုပ်ပေးခြင်း၊ သတိလစ် မေ့မြောနေပါက အောက်ဆီဂျင် ပေးခြင်းနှင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတို့သို့ အမြန်ဆုံး ပို့ဆောင် ကုသပေးရန် သတ္တုတွင်း ဝန်ကြီးဌာနမှ ပညာပေး သတင်းများ ထုတ်ပြန် ထားကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...