Social Icons

Pages

Friday, November 27, 2015

လုပ်သားရှားပါးမှုနှင့် ကုန်ကြမ်းလိုအပ်မှုကြောင့် မန္တလေးမြို့မှ သကြားစက်ရုံအများစု ရပ်နားသွားနိုင်



မန္တလေး ၊ ၂၇-၁၁-၂၀၁၅

ကြံစိုက်တောင်သူ လုပ်သားရှားပါး ခြင်းနှင့် ကုန်ကြမ်း လိုအပ်ချက် များကြောင့် မန္တလေးမြို့ရှိ သကြားစက်ရုံ အများစု ရပ်နား သွားနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေး) မှ နာယက ဦးဝင်းဌေး က ပြောပြသည်။

''ကြံခုတ်တဲ့ နေရာ၊ ပွက်ရည် ချက်တဲ့နေရာမှာ လုပ်သား ရှားပါးမှုကို ရင်ဆိုင် နေရပါတယ်။ ကြံစိုက် တောင်သူက ပွက်ရည် ချက်တာကို စိတ်ဝင်စားမှု နည်းလာတယ်။ မနှစ်ကဆို ပေါင်း သကြားစက် ၁ဝ လုံးတောင် ပြည့်အောင် မလည်နိုင်ကြ ပါဘူး။ ပြီးတော့ ကုန်ကြမ်း ရှားလာတာနဲ့ အမျှ ဈေးကြီး လာတဲ့အတွက် တွက်ခြေမကိုက် တော့ဘူး'' ဟု ၄င်းက ပြောပြသည်။

အဆိုပါ ကိစ္စများကြောင့် မန္တလေးမြို့တွင် လက်ရှိ အခြေအနေ၌ သကြားစက်ရုံ နှစ်ရုံသာ လည်ပတ်နိုင်ပြီး နောက်ပိုင်းတွင် သကြား စက်ရုံများ ပျောက်သွားနိုင်ပြီး ပြည်ပမှ တင်သွင်းမှုများ ကိုသာ အားကိုး လာနိုင်ကြောင်းသိရသည်။

ထို့ပြင် လာမည့် ဘဏ္ဍာနှစ်တွင် လယ်ယာထွက် သီးနှံကဏ္ဍ အတွက် ပြည်ပ ကုန်သွယ်မှု ပမာဏ မလျော့ကျစေရန် ရည်ရွယ်၍ သန့်စင်ပြီး သကြား (Refine suger) ကို Re-export တင်သွင်း၊ တင်ပို့ခွင့်ကို စက်တင်ဘာ ၉ ရက်က စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း၌ ထုတ်လုပ်သည့် သကြားဈေးနှုန်းမှာ မြင့်တက်ပြီး ပြည်ပမှ တင်သွင်းသည့် သကြား ဈေးနှုန်းမှာ ရန်ကုန်ဆိပ်ကမ်း အရောက် တစ်တန်လျှင် ဒေါ်လာ ၄၅ဝ ခန့်သာ ရှိသဖြင့် ပြည်တွင်း တင်ပို့မှု များလာပြီး လက်ရှိ၌ တရုတ်နိုင်ငံမှ ဝယ်လိုအား များနေသော်လည်း အဝယ်ရပ် လိုက်ပါက ပြည်တွင်း သကြား လုပ်ငန်းရှင်များ ပို၍ နစ်နာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် SMEs လုပ်ငန်းများ အတွက် အပေါင်မလိုဘဲ ငွေချေးခွင့် ရအောင်၊ နှစ်တိုချေးငွေ မဟုတ်ဘဲ နှစ်ရှည်ချေးငွေ ပေးသင့်ကြောင်း၊ သို့မှသာ လုပ်ငန်း ပြန်လည် ဦးမော့လာသည့် အချိန်နှင့် ချေးငွေ ပြန်လည် ဆပ်နိုင်သည့် အချိန်အတွက် အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သည့် လုပ်ငန်းတွင် ကြုံတွေ့ရသော ပြဿနာများ ဖြေရှင်းနည်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ၌ှSMEs လုပ်ငန်းရှင် များက ဆွေးနွေး ခဲ့သည်။

လက်ရှိ ဈေးကွက်အတွင်း၌ ပေါင်းသကြား တစ်ပိဿာလျှင် ငွေကျပ် ၁၂၇ဝ မှ ၁၃ဝဝ ခန့်၊ ပွက်ရည် တစ်ပိဿာလျှင် ငွေကျပ် ၈၅ဝ ခန့်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း(မန္တလေး) မှ သိရသည်။

ဂမ်အောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...