Social Icons

Pages

Thursday, October 15, 2015

မော်ချီးဒေသတွင် တပ်မတော်မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ပူးပေါင်းကူညီဆောင်ရွက်


နေရပ်ပြန်မည့် မိုင်းလုပ်သားများအား တပ်မတော် မော်တော်ယာဉ်များဖြင့်
 မော်ချီးမှ ဖားဆောင်း နှင့် လွိုင်ကော်မြို့ တို့သို့ ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးစဉ်

တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း ယာယီကယ်ဆယ်ရေးစခန်းရှိ
 ဒေသခံပြည်သူများအား အနွေးစောင်များ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်စဉ်

မိုလိုချောင်းကူးတံတား ရေတိုက်စားမှုမရှိစေရေးအတွက် 
စက်ယန္တရားများဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်


နေပြည်တော် ၊ ၁၅-၁၀-၂၀၁၅

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ၌ မိုးအဆက်မပြတ် ရွာသွန်းပြီး မြေပြိုကျမှု များကြောင့် လူနေအိမ်များ ပြိုလဲခြင်း၊ လမ်းများ ရေတိုက်စားခြင်း နှင့် မြေစာများ ပြိုကျ၍ လမ်းပိတ်ဆို့ ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း၊ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးလွင်၊ ကယားပြည်နယ် နယ်ခြားစောင့် တပ်မှ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ထွန်းကျော် နှင့် တာဝန်ရှိ သူများသည် ပျက်စီးသွားသော မော်ချီးရွာ အဝင် အမှတ်(၂)ဂိတ် အနီး ပေ ၄ဝ အရှည်ရှိ မိုလိုချောင်းကူး ဘေလီတံတား ရေတိုက်စားမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးကာ ယာယီ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသော မော်ချီးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းရှိ ဒေသခံပြည်သူ များအား အားပေးစကား ပြောကြားပြီး အနွေးစောင်များ နှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ ပေးအပ် ကြသည်။

ယမန်နေ့ နံနက်ပိုင်းတွင် မိုလိုချောင်းကူး တံတား၌ နယ်မြေခံ တပ်မတော်သားများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ တံတား ရေတိုက်စားမှု မရှိစေရေး အတွက် စက်ယန္တရား များဖြင့် ရေလမ်းကြောင်း တူးဖော်ခြင်း လုပ်ငန်းများ၊ မြေပြိုမှုကြောင့် ရပ်ရွာဒေသသို့ ပြန်လည် ထွက်ခွာမည့် မော်ချီးဒေသမှ လုပ်သားများအား ရွှေ့ပြောင်း ပို့ဆောင်ပေး ခြင်း လုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိပြီး တိုင်းမှူးနှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု၍ နေရပ်ပြန်မည့် လုပ်သားများအား ယာယီ ချောင်းကူးတံတားမှ တစ်ဆင့် တပ်မတော် မော်တော်ယာဉ် များဖြင့် မော်ချီးမှ ဖားဆောင်းသို့ ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် မော်ချီးဒေသရှိ သဘာဝဘေးဒဏ် ခံခဲ့ရသော ပြည်သူများ အတွက် ပေးပို့ လှူဒါန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများ နှင့် ထောက်ပံ့ရေး ပစ္စည်းများကို တပ်မတော်သားများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ယာယီထားရှိမည့် နေရာများသို့ သယ်ယူရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ ထမင်းထုပ်များ ပေးဝေခြင်း၊ တပ်မတော် ဆေးကုသရေး အဖွဲ့၊ ကယားပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လိုက်လံ ကြည့်ရှု၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

မော်ချီးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုကျမှု များကြောင့် အန္တရာယ် ရှိသော ကျေးရွာများမှ ဒေသခံ ပြည်သူများသည် တောင်ခြေရှိ လိုခါးလိုရွာနှင့် မော်ချီး အောက်ရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ရွှေ့ပြောင်း နေထိုင်လျက် ရှိပြီး ဒေသခံ မဟုတ်သည့် မိုင်းလုပ်သား များသည် ၄င်းတို့၏ ရပ်ရွာဒေသ များသို့ ပြန်လည် ထွက်ခွာလျက် ရှိကြောင်းနှင့် အောက်တိုဘာ ၁၃ ရက်ထိ လုပ်သား စုစုပေါင်း ၂ဝ၁၄ ဦးအား တပ်မတော် မော်တော်ယာဉ် များဖြင့် ဖားဆောင်း၊ လွိုင်ကော်မြို့များသို့ အသီးသီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မော်ချီးဒေသတွင် တပ်မတော် သားများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေပြို၍ လမ်းပိတ်ဆို့မှု များအား ရှင်းလင်းခြင်း၊ တံတား များ ရေတိုက်စားမှု မရှိစေရေး ဆောင်ရွက်ခြင်း၊ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လုပ်သားများ နေရပ် အသီးသီးသို့ အဆင်ပြေစွာ ပြန်လည် ထွက်ခွာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခြင်း စသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...