Social Icons

Pages

Friday, October 23, 2015

မြောက်ဥကလ္ကာပ ဆေးရုံကြီးတွင် ခုတင်-၄ဝဝ ဆံ့ ငါးထပ်ဆောင်သစ် ဖွင့်လှစ်တော့မည်



ရန်ကုန် ၊ ၂၃-၁ဝ-၂ဝ၁၅

မြောက်ဥက္ကလာပ ဆေးရုံကြီးအတွင်း ငွေကျပ်သိန်း ၅ဝဝဝဝ ကျော် အကုန်အကျခံ ဆောက်လုပ်ထားသည့် ခုတင်-၄ဝဝ ဆံ့ ငါးထပ်ဆောင်သစ် အဆောက်အအုံမှာ ဆောက်လုပ်ပြီးစီး သွားပြီဖြစ်၍ မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးထပ် ပင်မဆောင်သစ် မှာ ပေ ၇ဝ၊ ပေ ၂၅ဝ ရှိပြီး Central အဲကွန်း System ပါဝင်ကာ အဆင့်မြင့် ခေတ်မီပုံစံ ဒီဇိုင်းဖြင့် ဆောက်လုပ် ထားသည်။ ဆေးရုံ အဆောင်သစ် အတွက် စက်ကိရိယာ များမှာ ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် အမေရိကန် ဒေါ်လာ သုံးသိန်းခွဲ တန်ဖိုးရှိ ဂက်စ်ပိုက်လိုင်း များနှင့် Pation Monitor အပါအဝင် အခြားခေတ်မီ စက်ကိရိယာများ ပါဝင်တပ်ဆင် ထားသည်။ အဆောင်သစ်တွင် အဆင့်မြင့် ဓာတ်လှေကား သုံးစင်းပါဝင်ပြီး နိုင်ငံရပ်ခြားရှိ ဆေးရုံများအား လေ့လာကာ ဆောက်လုပ် ထားခြင်းဖြစ်သည်။

မြောက်ဥက္ကလာပ ဆေးရုံကြီးဝင်း အတွင်းရှိ ငါးထပ်ဆောင်သစ် ဆောက်လုပ် လှူဒါန်းသော တော်ဝင်မိသားစု ကုမ္ပဏီလီမိတက် မှ ဥက္ကဋ္ဌ ဦးကိုကိုထွေး က ''ဒီအဆောင်သစ် ကိုတော့ နိုဝင်ဘာ လလယ်လောက် ဖွင့်နိုင်ဖို့ မျှော်မှန်းထား ပါတယ်။ ဒီအဆောင်သစ် ဖွင့်ပြီ ဆိုတာနဲ့ လူနာတွေအတွက် အဆင့်အတန်း ရှိတဲ့ ဆေးရုံတစ်ခုကို လာတက်ရသလို ဖြစ်မှာပါ။ ဒီအဆောင်သစ်မှာ နှလုံးရောဂါ လာရောက် ကုသကြတဲ့ လူနာတွေအတွက် အထောက်အကူ ပြုပါလိမ့်မယ်။ အဆောင်သစ် အတွက် ဓာတ်ခွဲခန်း ပစ္စည်းတွေနဲ့ CATHLAB (နှလုံးရောဂါနှင့် ပတ်သက်တဲ့ ဆေးကုသမှုများ) ကိုတော့ နိုင်ငံတော်က ပေးအပ်တာပါ။

အဆောင်သစ် အဆောက်အအုံနဲ့ ကျန်တဲ့ ကျန်းမာရေး ပစ္စည်းတွေကိုတော့ တော်ဝင် မိသားစုက လှူဒါန်း လိုက်တာပါ'' ဟု ပြောသည်။ ဆေးရုံ အဆောင်သစ်၌ မြေညီထပ်တွင် အထူးကု ပြင်ပ လူနာဌာန နှင့် အရေးပေါ် ဆေးကုသမှုများ အနေဖြင့် ကျောက်ကပ် ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ အတွက် ကုသရန် စီစဉ်ထားပြီး ပထမထပ်တွင် နှလုံး ခွဲစိတ်ဆောင် နှင့် နှလုံး ခွဲစိတ်ခန်းအား ထားရှိမည် ဖြစ်သည်။ ထို့ပြင် ဒုတိယထပ်တွင်  CATHLAB (နှလုံးရောဂါနှင့် ပတ် သက်သည့် ဆေးကုသမှုများ) နှင့် CCU (နှလုံးအထူး ကြပ်မတ်ဆောင်) များ ထားရှိမည် ဖြစ်သည်။ တတိယ ထပ်တွင် နှလုံး ဆေးကုသဆောင် နှင့် ရင်ခေါင်း ဆေးကုသဆောင် ထားရှိမည် ဖြစ်ကာ အပေါ်ဆုံး ထပ်တွင် သွေးရောဂါ ကုဌာနနှင့် သွေးကင်ဆာ ရောဂါအတွက် ရိုးတွင်းခြင်ဆီ အစားထိုး ရောဂါကုဌာန ထားရှိမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...