Social Icons

Pages

Thursday, October 15, 2015

အလုပ်သမားငါးဦးနှင့် အထက်ရှိသော မည်သည့်လုပ်ငန်းတွင် မဆို အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရမည်



ရန်ကုန် ၊ ၁၅-၁၀-၂၀၁၅

မြန်မာနိုင်ငံအတွင်း အလုပ်သမား ငါးဦးနှင့် အထက်ရှိသော မည်သည့်လုပ်ငန်း တွင်မဆို အလုပ်သမားနှင့် အလုပ်ရှင် အလုပ် ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆို ရမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါစာချုပ် ချုပ်ဆိုရာတွင် အလုပ်ရှင် နှင့် အလုပ်သမားအပြင် ဝန်ကြီးဌာနမှ ကိုယ်စားလှယ် တစ်ဦးပါဝင်ရမည် ဖြစ်ပြီး ၄င်း စာချုပ်ပါ အချက်အလက် များကို ပြုပြင်ကာ ချုပ်ဆိုခြင်း မပြုရကြောင်း၊ ယင်းကဲ့သို့ အလုပ်
ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်း မရှိပါက သတိပေး အဆင့်ဖြင့် ဆောင်ရွက်မည် မဟုတ်ဘဲ တိုက်ရိုက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း လုပ်ကိုင်နေသော လုပ်ငန်း အများစုသည် အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ်ဖြင့် လုပ်ကိုင်မှုသည် အလွန်နည်းပါး နေပြီး ယင်းသို့ မရှိစေရန် စိစစ် အရေးယူခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူ စာချုပ်တွင် လုပ်ငန်းနှင့် သက်ဆိုင်သော စည်းကမ်းချက် များထည့်သွင်း လိုပါက စာချုပ်၏ နောက်ကျောဘက်တွင် ထပ်မံ ဖြည့်စွက်ရမည် ဖြစ်ကြောင်း၊ အောက်တိုဘာလကုန်တွင် စာချုပ်ချုပ်ဆိုမှု ရှိ၊ မရှိ အလုပ်သမား ဝန်ကြီးဌာနမှ စစ်ဆေးသွားမည် ဖြစ်ပြီး စာချုပ်ချုပ်ဆိုခြင်း မပြုသော အလုပ်သမားနှင့် အလုပ်ရှင် များကို အလုပ်သမား ဥပဒေအရ ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ်တို့ ကျခံရမည် ဖြစ်ကြောင်း၊ ယင်းစာချုပ် ချုပ်ဆိုခြင်း အားဖြင့် မြန်မာနိုင်ငံအတွင်း အလုပ်သမား များနှင့် အလုပ်ရှင်များ အတွက် ကောင်းမွန်သော စနစ် တစ်ခုဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား အကြား အငြင်းပွားမှု ဆိုင်ရာများ လျော့နည်း သွားစေမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စာချုပ်ကို အနည်းဆုံး အခကြေးငွေ စတင် သတ်မှတ်ခဲ့သည့် စက်တင်ဘာလ အတွင်း ချုပ်ဆိုရမည်ဟု ကြေညာခဲ့ သော်လည်း အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်နှင့် ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားများ လေ့လာနိုင်ရန် အချိန်တစ်လ တိုးမြှင့် ပေးခဲ့ကြောင်း၊ လက်ရှိတွင် အလုပ်ခန့် ထားခြင်းဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုမှု နည်းပါးခြင်းကြောင့် အလုပ်သမားနှင့် အလုပ်ရှင်များ အကြား မကြာခဏ
အငြင်းပွားမှုများ ဖြစ်ပွားနေသည့် အတွက် ဖြေရှင်းပေး နေရကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...