Social Icons

Pages

Friday, September 4, 2015

တစ်ရက်အနည်းဆုံး လုပ်ခကို ကျပ် ၃၆ဝဝ သတ်မှတ်သော်လည်း မန္တလေး စက်မှုဇုန်ရှိ စက်ရုံ၊အလုပ်ရုံ များက ပိတ်သိမ်းမည့် အစီအစဉ်မရှိဘဲ ဆက်လက် လုပ်ကိုင်သွားမည်



မန္တလေး ၊ ၄-၉-၂၀၁၅

မြန်မာနိုင်ငံ အတွင်းရှိ အခြေခံ လုပ်သားများ အတွက် အနည်းဆုံး လုပ်ခ သတ်မှတ်နိုင်ရန် နှစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ ပြီးနောက် အလုပ်သမား တစ်ဦး၏ တစ်ရက် အနည်းဆုံး လုပ်ခကို ကျပ် ၃၆ဝဝ သတ်မှတ် ကြောင်း၊ အဆိုပါ သတ်မှတ်ချက် သည် စက်တင်ဘာ ၁ ရက်မှ စတင် အသက်ဝင် လာပြီ ဖြစ်သည်ဟု အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ၏ သတင်း ထုတ်ပြန် ကြေညာချက် များအရ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် စက်ရုံသစ်များစွာ ဖွင့်လှစ်ရန် ရှိနေပြီး အဆိုပါစက်ရုံ များသည် ယခု သတ်မှတ် ပေးထားသည့် တစ်ရက် အနည်းဆုံး လုပ်ခကျပ် ၃၆ဝဝ ပေး၍ခိုင်းစေ ကြရမည် ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်ကြေညာ ပေးသည့် အနည်းဆုံး လုပ်ခကို မကျေနပ်၍ စက်ရုံပိတ်သိမ်းလို သူများ မိမိဆန္ဒအတိုင်း ပိတ်သိမ်းလိုက ပိတ်သိမ်း နိုင်သည်ဟူ၍ လည်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ပြောကြား ထားကြောင်း သိရသည်။

ယခုကဲ့သို့ အလုပ်သမား တစ်ဦး၏ တစ်ရက် အနည်းဆုံး လုပ်ခငွေကျပ် ၃၆ဝဝ သတ်မှတ်ပေး သော်လည်း မန္တလေး စက်မှုဇုန်ရှိ စက်ရုံ အလုပ်ရုံများမှာ ပိတ်သိမ်းမည့် အစီအစဉ်မရှိဘဲ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ မန္တလေးစက်မှုဇုန် မှာတော့ စက်ရုံ၊အလုပ်ရုံ တွေက ပိတ်သိမ်းတာမျိုး၊ အလုပ်သမားတွေ လျှော့ချတာမျိုးတွေ လုပ်မယ်ဆိုတာ မျိုးကိုတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး၊ အများမိုးခါးရေ သောက်ရင် အားလုံး လိုက်သောက်ကြမယ့် ပုံစံမျိုးပေါ့လေ၊ စက်ရုံလုပ်ငန်းတွေ အောင်မြင်ဖို့ ဆိုတာကလဲ အလုပ်သမား တွေရဲ့လုပ်အားတွေ လိုအပ်ပါတယ်၊ ကျွန်တော်ကတော့ ဖြစ်နိုင်မယ် ဆိုရင်စက်ရုံ၊ အလုပ်ရုံတွေ အားလုံးပုံမှန် အတိုင်း ရေရှည်လည်ပတ် သွားစေချင် ပါတယ်'' ဟု မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် လုပ်ငန်း လုပ်ကိုင်နေသော တရုတ် အထည်ချုပ် စက်ရုံ ၃ဝ ကျော်နှင့် ကိုရီးယား အထည်ချုပ် စက်ရုံ ၆ဝ ကျော်တို့က အနည်းဆုံး လုပ်ခကျပ် ၃၆ဝဝ သတ်မှတ်မည် ဆိုပါက စက်တင်ဘာ တွင် ပိတ်သိမ်းမည်ဟု ဇူလိုင် ၂ ရက်တွင် ပြုလုပ်သည့် အထည်ချုပ် လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ၌ ထုတ်ဖော်  ပြောကြားထား သော်လည်း နိုင်ငံသားပိုင် စက်ရုံများကမူ အလုပ်သမား များနှင့် လက်တွဲ၍ လုပ်ငန်း ဆက်လက် လည်ပတ် သွားမည်ဖြစ်ပြီး ရပ်တည်ရန် မဖြစ်နိုင် တော့သည့် အချိန်မှသာ စက်ရုံကိုပိတ်သိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။

''လက်ရှိအချိန်မှာ မန္တလေးတိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ စက်မှုဇုန် အားလုံးပုံမှန် အတိုင်း လည်ပတ် နေပါတယ်၊ စက်ရုံ၊အလုပ်ရုံ တွေကလဲ အခု သတ်မှတ်ပေးတဲ့ အနည်းဆုံး လုပ်ခအပေါ် ကို ဘယ်လိုမှ တုံ့ပြန်မှုမျိုး မရှိသေးပါဘူး၊ အလုပ်သမားတွေ လျှော့ချတာမျိုး၊ စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းတာမျိုး ကို မလုပ်ပါနဲ့လို့ ဦးတို့အနေနဲ့ တားပိုင်ခွင့် မရှိပါဘူး၊ စက်မှုဇုန်နဲ့ ပတ်သက်ပြီး ဦးတို့က လုပ်ငန်းတွေ အဆင်ပြေ စေအောင် ကြားကနေ လုပ်ဆောင်ပေး ရတဲ့ အနေအထားပါ ''ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ရန်ကုန်မှာတော့ အနည်းဆုံး လုပ်ခ မသတ်မှတ်ခင် အချိန် ကတည်းက အလုပ်သမား လျှော့ချ နေတာမျိုးတွေ လုပ်နေတယ် လို့တော့ ကြားပါတယ်၊ လုပ်သားအင်အား လျှော့ချမှု တွေကြောင့် အလုပ်လက်မဲ့ တွေဖြစ်သွားမှာ က လက်ရှိ အလုပ်သမားတွေ ဖြစ်ပါတယ်၊ နောက်ပြီး လုပ်သား လိုအပ်ချက် ရှိနေတဲ့စက်ရုံ၊ အလုပ်ရုံတွေ ကလဲ လုပ်သား အသစ်တွေ ထပ်မံခေါ်ယူ သွားဖို့ရှိနေတာ ကို ဆိုင်းငံ့ ထားကြတယ်လို့ လဲ သိရပါတယ်။ အန်ကယ်တို့ မန္တလေးမှာက ရန်ကုန်မှာလိုမျိုး အထည်ချုပ် စက်ရုံကြီး မျိုးတွေ နည်းတာရယ်၊ မိသားစု ပုံစံမျိုးနဲ့ လည်ပတ်နေကြတာ မျိုးတွေက များတာကြောင့် အားလုံး အေးအေး ဆေးဆေးပါပဲ'' ဟု မန္တလေးစက်မှုဇုန် အတွင်းရှိ စားသောက် ကုန်ထုတ် အလုပ်ရုံ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မန္တလေးစက်မှုဇုန် တွင် လက်ရှိ အချိန်၌ လုပ်ငန်းအုပ်စု ၁၃ အုပ်စု၊ စက်ရုံ၊ အလုပ်ရုံ (အကြီး၊ အလတ်၊ အငယ်) ၁၂၉၄ခု၊ အလုပ်သမား ၁၆၆၂၁ ဦး တို့ဖြင့် ပုံမှန်အတိုင်း လည်ပတ် နေလျက် ရှိသည်ဟု သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...