Social Icons

Pages

Thursday, August 6, 2015

ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် ၊ အဖျောက်မြို့ ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ် ၊ ဒေသခံပြည်သူ များအား တွေ့ဆုံ အားပေးစကား ပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အဖျောက်တာပေါင်တွင် ဒုတိယ၀န်ကြီး ဦးခင်ဇော် က တာပေါင် ကြံ့ခိုင်ရေးနှင့် အမြင့်ပေ ထပ်မံမြှင့်တင်ရေး လုပ်ငန်းများ ဆောက်ရွက်နေမှုနှင့် 
ပတ်သက်၍ ရှင်းလင်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ကြီးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ၌ ဒေသခံပြည်သူများကို အားပေးစကား ပြောကြားစဉ်

နေပြည်တော် ၊ ၆-၈-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၃ နာရီ တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တပ်မတော် အရာရှိကြီး များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ဦးစွာ လေဆိပ် ဧည့်ခန်းမဆောင် တွင် တိုင်းမှူးက ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ရေဝင်ရောက်နေမှု အခြေအနေများ၊ ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့သို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်သည့် ရဟတ်ယာဉ်ဖြင့် အတူလိုက်ပါ ခဲ့ပြီး ဥတိုကျေးရွာ သို့ ရောက်ရှိ ကြသည်။ ၄င်းမှတစ်ဆင့် မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ အဖျောက်ကျေးရွာ သို့ ရောက်ရှိကြပြီး လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မြို့မိမြို့ဖများက ကြိုဆိုကြသည်။ ယင်းနောက် အဖျောက်တာပေါင်တွင် ဒုတိယဝန်ကြီး ဦးခင်ဇော် က တာပေါင် ကြံ့ခိုင်ရေးနှင့် အမြင့်ပေ ထပ်မံ မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လတ်တလော ရေဘေး အန္တရာယ် ကာကွယ်နိုင်ရန် ဆောင်ရွက် နေသည့် လုပ်ငန်းများ အပြင် ရေရှည် တွင်လည်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အဖျောက်မြို့ ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် အတွက် ၂ မိုင်အရှည်ရှိ အဖျောက်တာ အား တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လုပ်အားပေး အဖွဲ့များက ကြံ့ခိုင်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် အမြင့်ပေ ထပ်မံ မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည် ကြည့်ရှု အားပေးပြီး လုပ်အားပေး ဆောင်ရွက် နေသူများကို ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖျောက်မြို့ရှိ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်အားပေး အဖွဲ့များအား အဖျောက်တာ ကြံ့ခိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် အဖျောက်မြို့ တွင်းရှိ မဟာ သံတန်ဆောင်းကြီး ဘုရားသို့ ရောက်ရှိပြီး ပန်း၊ သောက်တော်ရေချမ်း နှင့် ဆီမီးကပ်လှူ ပူဇော်သည်။ ထို့နောက် ဘုရား ဂေါပက အဖွဲ့ထံ အလှူငွေ ပေးအပ်ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးကာ ဘုရားဝင်း အတွင်း ပိဋကတ်သုံးပုံ ကျမ်းစုံ ကျောက်စာများ ထားရှိသည့် အဆောင်များကို လိုက်လံ ကြည့်ရှု၍ ကျောက်စာ များအား စနစ်တကျ ထိန်းသိမ်းရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

မဟာ သံတန်ဆောင်းကြီး ဘုရားသည် သက်တမ်း ၉၈ နှစ်ရှိပြီ ဖြစ်ပြီး ဘုရားဝင်း အတွင်းတွင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ ပိဋကတ်သုံးပုံ ကျမ်းစုံ ကျောက်စာ ၇၂ဝ ချပ်ကို အဆောင် ငါးဆောင်ခွဲ၍ ထိန်းသိမ်း ထားရှိကြောင်း သိရှိ ရသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ အဖျောက်မြို့ ရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

၎င်းနောက် တိုက်ကြီး မြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အားပေးစကား ပြောကြား ရာတွင် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ ရာသီဥတု ဖောက်ပြန်ပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ တွင် မုန်တိုင်းများ ကျရောက်ခြင်း ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘင်္ဂလား ပင်လယ်အော် အတွင်း မုန်တိုင်းများ ဖြစ်ပေါ်မှုကြောင့် ဒီရေ မြင့်တက်ခြင်း၊ မိုး အဆက်မပြတ် ရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ ဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ပြည်သူများ အနေဖြင့် သတိလက်လွတ် နေထိုင်ခြင်းဖြင့် ပေးဆပ်မှု များစွာ ဖြစ်ပေါ်လာ နိုင်သည်ကို သတိရှိ စေလိုကြောင်း၊ လူနေထိုင်မှု စနစ် အားနည်းမှု ကြောင့်လည်း ဆိုးကျိုးများ ဖြစ်ပေါ် စေတတ်သည် ကိုလည်း သတိပြု စေလိုပါကြောင်း၊ သို့ဖြစ်၍ မြို့မိမြို့ဖ များ၏ ကဏ္ဍမှာလည်း လွန်စွာ အရေးကြီး ကြောင်း၊ မြို့မိမြို့ဖ များ၏ ဦးဆောင်မှုဖြင့် တက်ညီ လက်ညီ ဝိုင်းဝန်း ဆောင်ရွက်မည် ဆိုပါက အခက်အခဲ များကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတွင်လည်ြး ပည်သူ၊ နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့ ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်း ဆောင်ရွက်မည် ဆိုပါက ရင်ဆိုင် နေရသည့် အခက်အခဲများ ကို အောင်မြင်စွာ ကျော်လွှား နိုင်မည် ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် မိဘပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်မည် ဆိုသည့် စိတ်ဓာတ်ဖြင့် လူအင်အား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ် နှင့် စစ်ရေယာဉ် များကို အင်အားပြည့် ထုတ်နုတ်၍ နိုင်ငံအတွင်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများ မှလည်း ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ခြင်း အားဖြင့် ကြုံတွေ့ နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရေဘေးသင့် ပြည်သူများ အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် မိုး အဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက် လာမှုကြောင့် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ကျေးရွာအချို့ သို့ မြစ်ရေများ ဝင်ရောက် လာသဖြင့် ၄င်း ကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၂၇၅ ဦးကို တိုက်ကြီးမြို့ရှိ ပြည်ဇောတိကာရုံ ကျောင်းတိုက်တွင် ရေဘေး ကယ်ဆယ်ရေး စခန်းဖွင့်လှစ်၍ ခေတ္တ တည်းခို နေထိုင်ရေး ဆောင်ရွက် ထားရှိကြောင်း နှင့် လိုအပ်သော သောက်သုံးရေ၊ စားသောက်ဖွယ် ရာ နှင့် အဝတ်အထည်များကိုလည်း ထောက်ပံ့ ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...