Social Icons

Pages

Tuesday, August 18, 2015

ရွှေအရည်အသွေး ပြည့်ဝခြင်း ရှိ မရှိ စစ်ဆေးလိုသူများ ရှိပါက ရွှေလုပ်ငန်းရှင်များ အသင်းမှ ကူညီပေးမည်



ရန်ကုန် ၊ ၁၈-၈-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရွှေ အရောင်းအဝယ် များနှင့်ပတ်သက်၍ ရွှေ အရည်အသွေး ပြည့်ဝခြင်း ရှိ၊ မရှိ ရွှေအစစ် ဖြစ်ကြောင်း စစ်ဆေးလို သူများရှိပါက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရွှေ အရည်အသွေး ပြည့်ဝခြင်း ရှိ၊ မရှိ စစ်ဆေး လိုသူများ အနေဖြင့် ရွှေလုပ်ငန်းရှင်များ အသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံ နိုင်ကြောင်း၊ ယခု နောက်ပိုင်း ကာလများတွင် ရွှေ အရောင်းအဝယ် ပြုလုပ်သူ အများအပြား ရှိလာသော်လည်း ရွှေ အရည်အသွေး ပိုင်းများနှင့် ပတ်သက်ပြီး စစ်ဆေးနိုင် မှုတွင် အားနည်းခြင်း ကြောင့် လိမ်လည်ခံ ရမှု များပြား နေကြောင်း သိရသည်။ ထိုကဲ့သို့ မဖြစ်ပွား စေရန် ရွှေလုပ်ငန်းရှင်များ အသင်းမှ အကူအညီ ပေးသွားမည် ဖြစ်သည်။ ရွှေဆိုင် ပိုင်ရှင်များ အနေဖြင့်လည်း မိမိတို့၏ ဆိုင်များ၌ လိမ်လည်ခြင်း မခံရအောင် အရောင်းအဝယ် ပြုလုပ်ရာတွင် သတိပြု သင့်သည်။

ယခုနောက်ပိုင်း ရွှေဈေးကွက် အတွင်း လိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး လိမ်လည် ရောင်းချသူများ သည် ရွှေတုံး အတုများကို ပြည်ပတွင် ပြုလုပ်လာကာ ပြည်တွင်း ရွှေဝယ်လိုသူ များထံ ရောင်းချ ကြကြောင်း၊ လိမ်လည် ရောင်းချသူများ သည် လက်ရှိ ပေါက်ဈေးထက် အနည်းငယ် လျှော့ချပြီး ပြင်ပ ရွှေဈေးကွက် အတွင်း ငွေပိုငွေလျှံများ နိုင်မည့် သူများအား ရွေးချယ် ရောင်းချလေ့ ရှိသည်။ အမှန်တကယ် အရောင်းအဝယ် ပြုလုပ်သည့် ရွှေဈေးကွက် အတွင်းတွင် လိမ်လည် ရောင်းချမှု နည်းကြောင်း၊ ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် ရွှေဆိုင်များတွင် CCTV ကင်မရာ တပ်ဆင်ရန် လိုအပ်သည်။

ရွှေလုပ်ငန်းရှင်များ အသင်းသည် ရွှေဈေးကွက် အတွင်း ဈေးနှုန်း ကစားခြင်းနှင့် လိမ်လည်မှုများ မဖြစ်ပွား စေရေးအတွက် ထိန်းချုပ် လုပ်ဆောင် သွားမည်ဖြစ်သည်။ နှစ်စဉ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အုပ်စုဖွဲ့ လိမ်လည် ရောင်းချမှုများ ရှိနေပြီး ၄င်းတို့ကို သတိထား သင့်ကြောင်း၊ ရွှေဝယ်ယူ သူများ အနေဖြင့် ဝယ်ယူသည့် အချိန်များတွင် ကျွမ်းကျင် ပညာရှင်များ နှင့် တိုင်ပင်ကာ ဝယ်ယူသင့်ပြီး ရွှေတုံးများ ဖြစ်ပါက စစ်ဆေးရန် အနည်းငယ် အခက်အခဲ ရှိသည့်အတွက် ရွှေ အရည်အသွေး ပိုင်းနှင့် ပတ်သက်ပြီး စစ်ဆေးမည် ဆိုပါက ရွှေလုပ်ငန်းရှင် များအသင်းမှ အပြည့်အဝ ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...