Social Icons

Pages

Thursday, August 20, 2015

ရုရှားသမ္မတ ပူတင် ရှေးဟောင်းသင်္ဘောပျက်အား ရေငုပ်သင်္ဘောငယ်ဖြင့် သွားရောက်ကြည့်ရှု




မော်စကို ၊ ၂၀-၈-၂၀၁၅

ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် ခရိုင်းမီးယား ကျွန်းဆွယ် ကမ်းရိုးတန်း အလွန်တွင် နစ်မြုပ်နေသော ရှေးဟောင်း သင်္ဘောပျက် အား ရေငုပ် သင်္ဘောငယ် အသုံးပြု၍ သွားရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

သမ္မတ ပူတင် သည် နိုင်ငံအနောက် တောင်ပိုင်း ဆီဗက်စ်တိုပိုလ် ပင်လယ် ဆိပ်ကမ်းမြို့ မှနေ၍ ပင်လယ်နက် ကြမ်းပြင်တွင် နစ်မြုပ်နေသော မကြာသေးမီက တွေ့ရှိခဲ့သည့် ရောမခေတ် စစ်သင်္ဘော ပျက်ကို ၄၅ မိနစ်ခန့် သွားရောက်ကြည့်ရှု ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောသည် အရှည် ၂၇ မှ ၃ဝ မီတာ အတွင်းရှိပြီး အကျယ် ၁၃ မှ ၁၅ မီတာအတွင်း ရှိကြောင်း၊ ရွှံ့နွံများမှာ ၄ဝ စင်တီမီတာ အထူခန့် ဖုံးလွှမ်း နေကြောင်းနှင့် ပတ်ဝန်းကျင်တွင် ရောမခေတ်သုံး မြေအိုးများ နှင့် အခြားပစ္စည်းများ ပြန့်ကျဲ နေသည်ကို တွေ့ရကြောင်း ပူတင် က သတင်းထောက် များကို ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကျွမ်းကျင် ပညာရှင်များဖြင့် ဆက်လက် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ အပျက်အစီး များကို ပင်လယ်နက် မြောက်ပိုင်းတွင် တွေ့ရှိရမည်ဟု ယုံကြည်ကြောင်း ပူတင်က ထပ်လောင်း ပြောကြားသည်။ 

သမ္မတပူတင် ၏ ယခု ရေအောက် ခရီးစဉ်သည် ပထမအကြိမ် မဟုတ်ဘဲ ၂ဝဝ၉ ခုနှစ်တွင် ဘေကယ် ရေကန် ရေအောက် ကြမ်းပြင် အထိ လည်းကောင်း၊ ၁၈၆၉ ခုနှစ်က ဘောလ်တစ် ပင်လယ် အတွင်းရှိ ဖင်လန် ပင်လယ်ကွေ့တွင် နစ်မြုပ် သွားသော ဖရီးဂိတ် စစ်သင်္ဘော အိုလက်ဂ်ကို ၂ဝ၁၃ ခုနှစ်တွင် လည်းကောင်း ရေငုပ် သင်္ဘောငယ် အသုံးပြု၍ သွားရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

Vladimir Putin rides sub to bottom of Black Sea to view ancient ship in latest stunt

မြ၀တီနေ့စဉ် ၊ စာ(၂၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...