Social Icons

Pages

Wednesday, August 5, 2015

ရေဘေးသင့်ဒေသများသို့ စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ သွားရောက်၍ စိတ်ဓာတ်မြှင့်တင် ပေးမည်


ရန်ကုန် ၊ ၅-၈-၂၀၁၅

ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စိတ်ကျန်းမာရေး ဆရာဝန် တချို့သည် ရေဘေးသင့် ပြည်သူများ ရှိရာသို့ ကိုယ်တိုင် သွားရောက်ကာ စိတ်ဓာတ် မြှင့်တင်မှုများ ပြုလုပ် ပေးမည်ဖြစ်ကြောင်း ပရဟိတ သွားရောက် လုပ်ကိုင်မည့် ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦး၏ ပြောပြချက် အရ သိရသည်။

''ရေဘေးသင့် ပြည်သူတွေက ရေတက်လာမှု မြင်ကွင်းတွေနဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ် မြင်ကွင်း တချို့ကို မြင်ထား တာကြောင့် လူတစ်ဦး တစ်ယောက်စီမှာ အနည်းဆုံး စိတ်ကယောင် ချောက်ချား ဖြစ်တာတွေနဲ့ စိတ်ကျရောဂါ ဖြစ်တာတွေ ရှိနေနိုင် ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ဖြစ်စေဖို့ စိတ်ကျန်းမာရေး ဆရာဝန် တချို့က ပရဟိတ အနေနဲ့ သွားတွေ့ပြီး စိတ်ဓာတ် မြှင့်တင်မှုတွေ ပြုလုပ် သွားမှာပါ''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၌ မုံရွာ၊ မကွေးနှင့် ပဲခူး စသည့်ဒေသ တို့တွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် စိတ်ဓာတ် မြှင့်တင်မှု ပြုလုပ်မည့် ဆရာဝန် များသည် ရန်ကုန်မြို့ အနီးတစ်ဝိုက်ရှိ ဒေသများသို့ ရန်ကုန်မှ ဆရာဝန်များ သွားရောက်မည် ဖြစ်ပြီး မန္တလေးမြို့ရှိ ဆရာဝန်များ ကလည်း မန္တလေးမြို့ အနီးတစ်ဝိုက်ရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်ကာ စိတ်ဓာတ် မြှင့်တင်မှု များပြုလုပ် ပေးသွားမည် ဖြစ်သည်။

စိတ်ကျန်းမာရေး ဆရာဝန်များ အနေဖြင့် စိတ်ဓာတ် မြှင့်တင်မှုများ ပြုလုပ်ပေး ရာတွင် လိုအပ်သော ဆေးဝါးများဖြင့် ကုသပေးခြင်း များအပြင် ဗဟုသုတ ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခြင်း များဖြင့် ရေဘေးသင့် ပြည်သူ များကို စိတ်ပိုင်းဆိုင်ရာ ကူညီမှုများ ပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် ရေဘေးသင့် ဒေသများရှိ ပြည်သူများအား စိတ်ဓာတ် မြှင့်တင်မှု သွားရောက် ပြုလုပ်ပေးမည့် စိတ်ကျန်းမာရေး ဆရာဝန် များမှာ ရာနှင့်ချီပြီး ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...