Social Icons

Pages

Tuesday, August 4, 2015

ခရီးသည်များအနေဖြင့် အသက်ကယ်အင်္ကျီများ အရေးပေါ် ၀တ်ဆင်အသုံးပြုနိုင်ရန် လှေသမ္ဗာန်များတွင် လွယ်ကူအောင် ထားရှိရန် သက်ဆိုင်ရာ က ညွှန်ကြားထား


ရန်ကုန် ၊ ၄-၈-၂၀၁၅

ရာသီဥတု ဆိုးရွားပြီး လှိုင်းလေ ကြမ်းသော မုတ်သုံရာသီ ဖြစ်သဖြင့် ရန်ကုန်မြစ် အတွင်း၌ ခုတ်မောင်း ပြေးဆွဲနေသော လှေသမ္ဗန် များသည် အကြောင်း အမျိုးမျိုး ကြောင့် တိမ်းမှောက်ခြင်း နှင့် ကြုံတွေ့လာလျှင် ခရီးသည်များ အနေဖြင့် အသက်ကယ် အင်္ကျီများအား အရေးပေါ် ဝတ်ဆင် အသုံးပြုနိုင်ရန် လွယ်ကူအောင် ထားရှိဖို့ သက်ဆိုင်ရာမှ ညွှန်ကြားထား သကဲ့သို့ လှေသမ္ဗန် များ၌ အသက်ကယ် အင်္ကျီများ ထားရှိမှု အခြေအနေ ကိုလည်း တာဝန်ရှိ သူများက မကြာခဏ လိုက်လံ စစ်ဆေးခြင်း များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လိုက်လံ စစ်ဆေးခြင်း များကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ မြို့နယ်ကြီး ကြပ်ရေးမှူး ရုံးနှင့် လှေသမ္ဗန် ဆိပ်ကမ်း ၁ဝ ခုတို့၏ ကြီးကြပ်ရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အသက်ကယ် အင်္ကျီများ မထားရှိခြင်း၊ ထားရှိသော အသက်ကယ် အင်္ကျီများ ဆွေးမြည့်ခြင်း၊ စုတ်ပြဲခြင်းများ တွေ့ရှိပါက အရေးယူ ဆောင်ရွက်ခြင်းနှင့် အသစ် လဲလှယ် ထားရှိစေခြင်း တို့ကို ဆော်သြလေ့ ရှိသည်။

သက်ဆိုင်ရာမှ လိုက်လံ စစ်ဆေးနေသည့် အတွက် လှေသမ္ဗန်များ အားလုံးနီးပါး၌ အသက်ကယ် အင်္ကျီများ ထားရှိကြ သော်လည်း တချို့သမ္ဗန်များ၌ ချိတ်ဆွဲ ထားသော အသက်ကယ် အင်္ကျီများသည် သန့်ရှင်းမှု မရှိသည့် အတွက် ခရီးသည်များ အနေဖြင့် ဝတ်ဆင်ရန် အခက်အခဲ ရှိကြောင်း သိရ သည်။

''ကိုယ်က ရေလမ်းခရီးကို ကြောက်လို့ လှေတွေမှာ ချိတ်ထားတဲ့ အသက်ကယ် အင်္ကျီ ဝတ်ချင် ပေမယ့်လည်း ဖုန်တက် နေတာတို့၊ ရွှံ့ရေတွေ ပေနေတာတို့ ဖြစ်နေတဲ့ အခါကျတော့ ကိုယ့် အဝတ်အစားတွေ ပေကုန်မှာ စိုးလို့ ယူဝတ်ရမှာ အဆင်မပြေဘူး ဖြစ်နေတယ်''ဟု ခရီးသည် တစ်ဦးက ပြောသည်။

ယခုရက်ပိုင်း အတွင်းတွင် ရာသီဥတု အခြေအနေ ဆိုးရွားသောကြောင့် ရန်ကုန်မြစ် အတွင်း ခုတ်မောင်း ပြေးဆွဲနေသော လှေသမ္ဗန် များကို သက်ဆိုင်ရာမှ ရာသီဥတု ဆိုင်ရာ သတိပေး ကြေညာခြင်းများ ပြုလုပ် ပေးသည့်အပြင် လှေကြံ့ခိုင်မှု၊ စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများ နှင့် ပတ်သက်၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှု များလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#‎SaveMyanmar‬
‪#‎MyanmarFlood‬
‪#‎SupportMyanmar‬
‪#‎PrayforMyanmar‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...