Social Icons

Pages

Wednesday, August 19, 2015

ဒီးဒုတ်ရေပြာအိုင် စခန်းကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် တည်ဆောက် သွားမည်



ပြင်ဦးလွင် ၊ ၁၉-၈-၂၀၁၅

သဘာဝ တောတောင် အဆင့်ဆင့်ကို ဖြတ်ကျော် စီးဆင်းလာသော ဒီးဒုတ်ချောင်း သည် ထုံးကျောက်ဆောင် တို့ကြားတွင် အေးမြ ကြည်လင်သော ရေရှိနေမှု၊ နက်ရှိုင်းမှု မရှိသော သဘာဝ ရေကန် အသီးသီးတွင် အလွယ်တကူ ပျော်ရွှင်စွာ ရေဆော့ကစား နိုင်မှု၊ မြို့ပြဝန်းကျင် တစ်လျှောက်တွင် တွေ့မြင်ရန် ခက်ခဲသွားပြီ ဖြစ်သော တောတောင် ရေမြေတို့ကို ပကတိ အတိုင်း ခံစားကြည့်မြင် နိုင်မှု၊ သွားလာရန် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ ကောင်းမွန်မှု၊ လာရောက် လည်ပတ်ကြ သူများကို စိတ်ကျေနပ် ရလောက်အောင် သာယာလှပမှု ပေါင်းစုံတို့နှင့် ပြည့်စုံလျက် ရှိသည့် ဒီးဒုတ် ရေပြာအိုင်စခန်း (ပုံ) သို့ နေ့စဉ်နှင့် အမျှ လာရောက် လည်ပတ်ကြသူ အများအပြား ရှိနေကြသည်။

ဒီးဒုတ်ရေပြာအိုင်စခန်းသည် မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ အတက်လမ်း ၁၆မိုင်လမ်းခွဲမှ တစ်ဆင့်သွားရပြီး ကျောက်ချော ရွာ သမိုင်းဝင် ခိုနန်းရှင်ဘုရားတို့ ကို ဖြတ်ကျော်၍ ၁ဝမိုင်ကျော်ခရီး ကို ဘေးတစ်ဖက် တစ်ချက်တွင် သဘာဝကျောက်တောင်ကြီးများ၊ သာယာလှပသည့် ဒုဋ္ဌဝတီမြစ် ကမ်းတစ်လျှောက်မှ ကောင်းမွန် ချောမွေ့သည့် ကွန်ကရစ်လမ်းမ ကြီးအတိုင်း သွားလာရသည်။ ယခင်က ဒီးဒုတ်ရေပြာအိုင် ကို ငှက်ကြီးသိုက်၊ မကျီးအင်း၊ ဝါး နက်စသော အနီးနားကျေးရွာတို့ မှ ရွာသူ၊ရွာသားတို့က မိမိတို့ အဆင်ပြေသလို ဈေးဆိုင်ငယ်များ၊ ယာဉ်ရပ်နားစခန်းများ၊လာရောက် သူတို့ အပန်းဖြေရန်နေရာများကို ပြုလုပ်ဖန်တီးပေးခဲ့ရသောကြောင့် မိသားစု တစ်ပိုင်တစ်နိုင် အပန်း ဖြေစခန်းတစ်ခုအဖြစ်သာ တည်ရှိ နေခဲ့ရသည်။

ယခုအခါ လာရောက် လည်ပတ်ကြသူ များပြား လာသည်နှင့် အမျှ ပိုမိုချောမွေ့ အဆင်ပြေစေပြီး အန္တရာယ် ကင်း၍ လုံခြုံစိတ်ချ ရစေရန် အဆင့်မြင့် အပန်းဖြေ စခန်းအဖြစ် တည်ဆောက် သွားရန် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် က အတည်ပြု ခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒီးဒုတ် ရေပြာအိုင် စခန်းသည် အောက်ခြေမှ အပေါ်ဆုံးထိ သုံးဆင့်၊ ငါးဆင့်၊ ဆယ်ဆင့် ရေတံခွန် များနှင့် နှစ်မိုင်ခွဲ ရှည်လျားသည် ဖြစ်ရာ အချို့နေရာ များတွင် လမ်းကျဉ်းမြောင်း လွန်း၍ သွားလာရ ခက်ခဲခြင်း၊ ကျောက်ဆောင်၊ ကျောက်တုံးများ ပေါ်မှ သွားလာ ရသဖြင့် အန္တရာယ် များပြားခြင်း၊ အများ ပြည်သူများ နားနေရာ အပန်းဖြေ စခန်းတစ်ခု နှင့် ညီညွတ် ကိုက်ညီခြင်းများ မရှိသေးခြင်း စသည့် အချက် တို့ကြောင့် ယခု အခါ ပိုမို ကောင်းမွန်သည့် အဆင့်မြင့် အပန်းဖြေ စခန်းကြီး အဖြစ် တိုးချဲ့ တည်ဆောက် သွားတော့မည် ဖြစ်ရာ မကြာမီ အချိန်အတွင်း အန္တရာယ်ကင်းပြီး ပျော်ရွှင် ချမ်းမြေ့စရာ အပန်းဖြေ စခန်းကြီး အဖြစ် ပေါ်ထွက် လာတော့ မည်ဖြစ်ကြောင်း သိရသည်။ (၁၆၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...