Social Icons

Pages

Wednesday, August 19, 2015

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ သင်ကြားမှု ထူးချွန်သည့် ဆရာ ဆရာမများအား ဒုတိယအကြိမ် ဆုချီးမြှင့်ရန် စီစဉ်


ရန်ကုန် ၊ ၁၉-၈-၂၀၁၅

ပညာတန်ဆောင် နှင့် တော်ဝင် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တို့ပူးပေါင်း၍ ပညာရေး မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ ထူးချွန်စွာ ပညာသင်ကြား ပေးသည့် ဆရာ၊ ဆရာမ များအား ရွေးချယ်ကာ ဆုချီးမြှင့် ပေးမည့် အစီအစဉ်ကို ဒုတိယအကြိမ် အဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံ လုံးတွင် ကျောင်းပေါင်း လေးသောင်းခွဲခန့် ရှိပြီး ဆရာ၊ ဆရာမဦးရေ သုံးသိန်းခွဲတို့ အနက်မှ ပညာ သင်ကြားမှု ထူးချွန် သည့် ဆရာ၊ ဆရာမများအား တိုင်းဒေသကြီး နှင့် ပြည်နယ် တစ်ခုစီမှ ကိုးဦးစီဖြင့် ရွေးချယ်ရန် သတ်မှတ် ထားပြီး ဆရာ၊ ဆရာမ အရေအတွက် အားဖြင့် ၁၆၂ ဦး ပေါ်ထွက် လာမည် ဖြစ်သည်။ ဗဟိုအဆင့် (မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ) ထူးချွန်ဆု ဆရာ၊ ဆရာမ ပထမဆု ကျပ်သိန်း ၄ဝ၊ ဒုတိယဆု ကျပ်သိန်း ၂ဝ၊ တတိယဆု ကျပ် ၁ဝ သိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ထူးချွန် ဆရာဆု အဆင့်တွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း ချီးမြှင့်မည် ဖြစ်သည်။

သက်ဆိုင်ရာ ကျောင်းအုပ်များမှ တစ်ဆင့် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်နှင့် ပြည်နယ်အဆင့် ရွေးချယ်ရေး ကော်မတီများမှ အခြေခံပညာ ကျောင်းများ၌ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမ များအားလုံးကို လွတ်လပ်စွာ ရွေးချယ် အကဲဖြတ်ခွင့် ပေးထားပြီး အကဲဖြတ် ရာ၌ ဘာသာရပ် သင်ပြရာတွင် ထူးချွန်မှု ၅ဝ ရာခိုင်နှုန်း အမှတ်ပေးပြီး စာရိတ္တ ကောင်းမွန်မှု၊ အသိပညာ ကြွယ်ဝမှုကို တိုင်းတာခြင်း၊ စည်းကမ်း ကောင်းမှု၊ ဆရာ အချင်းချင်း ချစ်ခင် လေးစားမှု၊ တပည့်များ၏ ကြည်ညို လေးစားမှု၊ အသင်အပြ ကောင်းမွန်မှု၊ အများအကျိုး သယ်ပိုးပြီး လူမှုရေး တာဝန်သိမှု၊ ထူးခြားသော စွမ်းဆောင်မှု များရှိခြင်း စသည်တို့ကို အဆင့်ဆင့် စိစစ်ရွေးချယ် သွားမည် ဖြစ်သည်။ 

အခြေခံပညာ ကျောင်းများ အားလုံးသို့လည်း ထူးချွန်ဆရာ၊ ဆရာမ များကို ရေးဖြေ၊ နှုတ်ဖြေဖြင့် ရွေးချယ် တင်ပြနိုင်ရန် အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။ ကျောင်းအဆင့် ရွေးချယ်မှုကို စက်တင်ဘာ ၁၃ ရက်နှင့် မြို့နယ်အဆင့်ကို စက်တင်ဘာ ၂၇ ရက်တွင် လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် တို့ကို နိုဝင်ဘာ ၂၉ ရက်တွင် လည်းကောင်း၊ ဗဟိုအဆင့်ကို ဒီဇင်ဘာ ၂၇ ရက်တို့တွင် လည်းကောင်း အသီးသီး စိစစ်ရွေးချယ် သွားမည် ဖြစ်သည်။

ယှဉ်ပြိုင်မည့် ဆရာ၊ ဆရာမ များသည် ပညာရေး ဌာနတွင် လုပ်သက် သုံးနှစ်နှင့် အထက် ရှိရမည်ဖြစ်၍ မိမိ ကျောင်းအုပ် ဆရာကြီးနှင့် ဆက်သွယ်ကာ ယှဉ်ပြိုင်ပုံစံ ဖြည့်ပြီး ပါဝင် လျှောက်ထား နိုင်ကြောင်း သိရသည်။
ဗဟိုအဆင့်ထိ ရောက်ရှိ အရွေးချယ် ခံရသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာ၊ ဆရာမ ၅၄ ဦးအတွက် ခရီးစရိတ်အား ပွဲစီစဉ်သည့် ဗဟိုကော်မတီ အဖွဲ့မှ ကျခံမည် ဖြစ်ကာ အသေးစိတ် သိရှိလို သူများသည် စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ရှိ ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့ရုံး ဖုန်း ၀၁- ၅၃၉၇၃၈၊ ဝ၉- ၂၅၉၃ ၄၄၈၄ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။

မိုးအောင် 

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...