Social Icons

Pages

Tuesday, August 25, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး အား 
လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး အား 
ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး ၊ 
အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၅

မိမိနိုင်ငံ၊ မိမိဒေသအတွက်အမှန်တကယ် အကျိုးပြုနိုင်မည့်သူ၊ အမျိုးသားနိုင်ငံရေး ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း ကာကွယ်နိုင်မည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင် နှင့် ပြည့်စုံသူဖြစ်ပြီး ဖြစ်နိုင်ပါက တပ်မတော် အပေါ် နားလည်နိုင်သူ ဖြစ်လျှင် ပိုမိုကောင်းမွန်ပါကြောင်းဖြင့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အလွန် ကာလတွင် မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ ထားရှိမည့် တပ်မတော်၏ ရပ်တည်ချက် သဘောထားအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များအား လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ မျိုးသန့်တင်၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးအောင်လှထွန်း၊ ဦးခင်မောင်ဌေး၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ ဖြစ်စဉ်နှင့် နောက်ဆုံးမြေပြင် အခြေအနေများ ၊ပါကစ္စတန်၊ ဆားဗီးယားနှင့် အိန္ဒိယနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မှုနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး အခြေအနေများ၊၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ လာမည့် ရွေးကောက်ပွဲ အတွက် အထောက်အကူ ဖြစ်စေရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များ၊ လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နှင့် နိုင်ငံရေးပါတီများ အပေါ် တပ်မတော်၏ သဘောထား ရပ်တည်ချက် ဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊ သဘာဝ ဘေးဒဏ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခြေအနေများ၊ နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီး၏ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များကို ဦးစွာရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ဦးစွာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ရာတွင်MNDAA TNLA နှင့် AA အဖွဲ့၃ဖွဲ့နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က MNDAA သည် အချုပ်အခြာ အာဏာကို ထိပါးလာ၍ တိုက်ခိုက်ခဲ့ ရခြင်း ဖြစ်ကြောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့နှင့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တို့အား စတင်တိုက်ခိုက် လာခြင်းဖြစ်ကာ စစ်ကြေညာပြီး တိုက်ခိုက် လာသူဖြစ်၍ ငြိမ်းချမ်းရေး လုပ်၍ မရကြောင်း၊ လက်နက်စွန့် ရမည်ဖြစ်ကြောင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရမည် ဟု သမ္မတကြီး ကိုယ်တိုင်က ပြောကြား ထားကြောင်း၊ MNDAA နှင့် ဆက်စပ်ပြီး ဝိုင်းဝန်း ကူညီခဲ့ကြ သူများ ဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ ခေါ်ဆိုနေသူ များမှာလည်း လက်နက်စွန့် ရမည် ဖြစ်ကြောင်း၊ AA အဖွဲ့မှာလည်း KIAမှ မွေးထုတ် လိုက်သည့် လက်အောက်ခံ အဖွဲ့သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ဝင်လာ၍ မိမိတို့နယ်စပ် အထိ တိုက်ထုတ် ခဲ့ကြောင်း၊ NCA စာချုပ် လက်မှတ် ရေးထိုးသည့် အဖွဲ့များ အနေဖြင့်လည်း နဂိုလက်ခံ ထားသည့် အတိုင်း SSR/ DDR ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွက် လတ်တလော အချိန်ကာလ တစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန် မလိုသေးဘဲ လက်နက်များကို ထိန်းသိမ်းထား ရမည်သာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် SSR/DDR လုပ်ငန်းစဉ်များ အတိုင်း စည်းကမ်းနှင့် အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင် (MEC) တို့နှင့် ပတ်သက်၍ မေးမြန်းရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အခြား နိုင်ငံများတွင်လည်း တပ်မတော်၏ ကျောထောက် နောက်ခံ စီးပွားရေး လုပ်ငန်းများ ရှိကြကြောင်း၊ လည်ပတ်မှု မတူညီ သော်လည်း တပ်မတော် အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးကြကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေဖြင့် တပ်မတော်သား မိသားစုဝင် များ၏ သက်သာ ချောင်ချိရေး၊ စစ်မှုထမ်းဟောင်း များ၏ သက်သာ ချောင်ချိရေး၊ ပြည်သူလူထု၏ သက်သာ ချောင်ချိရေးများ ဆောင်ရွက် ပေးနိုင်ရန်နှင့် နိုင်ငံတော် စီးပွားရေးအား အထောက်အကူ ပြုရန် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ MEC လုပ်ငန်းများသည် တပ်မတော်၏ ဘတ်ဂျက်ကို Save ဖြစ်စေရန်၊ တပ်မတော်ကို အထောက်အပံ့ ဖြစ်စေရန် အတွက် ပစ္စည်း ထုတ်လုပ်မှု များကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း များသည် နိုင်ငံတော်သို့ အခွန်အခများ အပြည့်အဝ ပေးသွင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ရရှိလာသည့် အမြတ်ငွေမှ တိုက်ပွဲတွင် ထိခိုက်ကျဆုံး ဒဏ်ရာရရှိသူ များအား ထောက်ပံ့ခြင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာများ လုပ်ဆောင်ခြင်း စသည့်လုပ်ငန်း များတွင် သုံးစွဲရန် တပ်မတော် သက်သာ ချောင်ချိရေး ရန်ပုံငွေသို့ ထည့်သွင်း ရပါကြောင်း၊ MEC အနေဖြင့် နိုင်ငံတော် အစုရှယ်ယာ အားလုံးနီးပါး ပြန်လည် ပေးသွင်းပြီး ဖြစ်ကြောင်း၊ ဦးပိုင်တွင်လည်း တဖြည်းဖြည်း လျော့ချလာပြီး နောင်တွင် အများပိုင် အဖြစ် တပ်မတော်သား မိသားစုများ၏ အစုရှယ်ယာ၊ စစ်မှုထမ်းဟောင်း များ၏ အစုရှယ်ယာ၊ တပ်များ၏ အစုရှယ်ယာ နှင့် ထည့်ဝင်နိုင်သည့် သူများ၏ အစုရှယ်ယာ များနှင့် သာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ဦးပိုင်၊ MEC လုပ်ငန်းများ အနေဖြင့်လည်း တိုင်းရင်းသား လုပ်ငန်းရှင်များ၊ SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမြဲလမ်းဖွင့် ထားပါကြောင်း၊ ပူးပေါင်း ဆောင်ရွက် နိုင်သည့် နယ်ပယ် အားလုံးတွင် ဝင်ရောက် လက်တွဲ လုပ်ဆောင်ရန် ကြိုဆိုလျက် ရှိပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် အနောက်နိုင်ငံ များနှင့် နိုင်ငံရေး ကူးလူးဆက်ဆံမှု များစွာ ရှိလာသော်လည်း တပ်မတော်ပိုင်း ဆိုင်ရာ ဆက်ဆံမှု အရှိန်အဟုန် နှေးကွေးနေ ကြောင်း မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ်က တပ်မတော် အနေဖြင့် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် ဒေသတွင်း နိုင်ငံများရှိ တပ်မတော်များနှင့် သာမက အနောက်နိုင်ငံ တပ်မတော်  များနှင့်ပါ ရင်းနှီး ပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း၊ ပြင်သစ်၊ နော်ဝေ၊ အင်္ဂလန် စသည့် နိုင်ငံများတွင် ပညာတော်သင်များ စေလွှတ် တက်ရောက်လျက် ရှိကြောင်း၊ တပ်မတော်ချင်း ဆက်ဆံရေး ကောင်းမွန် သော်လည်း နိုင်ငံရေး အဖွဲ့အစည်း များ၏ ဖိအားများ ရှိနေခြင်းကြောင့် ယင်းတို့ အပေါ်တွင်သာ မူတည်နေကြောင်း ဖြင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော် အရာရှိများကို အရပ်ဘက် ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မှု မူဝါဒနှင့် ပတ်သက်သည့် မေးမြန်းမှုအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည် ဖြေကြားရာတွင် နိုင်ငံ့ဝန်ထမ်း များသည် မည်သည့် ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း တာဝန် ထမ်းဆောင်၍ ရပါကြောင်း၊ မူအားဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တောင်းဆိုမှု၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့၏ သဘောတူညီမှု၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက် တို့ဖြင့် ပြောင်းရွှေ့ ရကြောင်း၊ တပ်မတော် သားများ အရပ်ဘက် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မှု သည်လည်း ထို့အတူ ဖြစ်ကြောင်း၊ ယခုလည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝန်ထမ်း အခက်အခဲရှိ၍ တောင်းဆိုမှုကြောင့် မိမိ အရန်ရှိသည့် အင်အားမှ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ကူးပြောင်းရာတွင် အချို့မှာ တပ်မတော် လစာထက် နိမ့်သောလစာ အဆင့်ဖြင့် ပြောင်းရွှေ့ သွားရခြင်း ဖြစ်ကြောင်း၊ တစ်ချို့လည်း တိုက်ပွဲ ဒဏ်ရာရရှိသူ၊ ကျန်းမာရေးကြောင့် မသန်စွမ်း သူများအား အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့မှုများ ရှိကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

၎င်းနောက် ရွေးကောက်ပွဲတွင် သမ္မတ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ မဲဆန္ဒပေး ရွေးချယ်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် တပ်မတော် အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ပတ်သက်ပြီး လုံးဝ ဘက်လိုက်မှု မရှိကြောင်း၊ တပ်မတော် သားများ၊ မိသားစုဝင်များ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် သဘောထားကို နားလည် အောင်သာ ရှင်းလင်း ပြောကြား ထားကြောင်း၊ ရွေးကောက်ပွဲ တွင် ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု လာသည့်ရလဒ် အပေါ်တွင်လည်း ယင်း တပ်မတော်၏ ရပ်တည်ချက် သဘောထား အတိုင်း ဥပဒေပြဌာန်းချက် နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်နှင့် သတင်းမီဒီယာ များအကြား သတင်း စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေး အတွက် ဆောင်ရွက်လျက် ရှိသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်နိုင်ရေး ကိစ္စများအား ညှိနှိုင်းဆွေးနွေး ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ မှ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...