Social Icons

Pages

Friday, August 14, 2015

ဝန်ထမ်းခေါ်ယူမှု များသော်လည်း ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသူ နည်းပါးနေ


ရန်ကုန် ၊ ၁၄-၈-၂၀၁၅

ယခုအခါ ပြည်တွင်း၌ အလုပ်အကိုင် ခေါ်ယူမှု များပြား နေသော်လည်း လူငယ်များ အကြား ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ရှိသူ နည်းပါးသဖြင့် အလုပ်အကိုင် ရရှိမှုအခွင့်အလမ်း နည်းပါး နေသည်ဟု ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ထံမှ သိရသည်။

''ဝန်ထမ်းတွေက အဓိက ကတော့ ကျွမ်းကျင်မှု ကလည်း နည်းတယ်။ ကိုယ့်ဘက်က အတွေ့အကြုံ သိပ်မရှိဘဲ လစာနောက် ကိုပဲ လိုက်နေကြတာ။ ဒီဘက်မှာ အလုပ်ဝင်လိုက်၊ ဟိုဘက်က လစာနည်းနည်း လေးပိုရင် ဟိုဘက်ကို ပြောင်းလိုက် အဲဒီလို လေးတွေ များနေတယ်။ အဲဒီတော့ အလုပ်ရှင် တွေက သူတို့ကို လက်ခံဖို့ စဉ်းစားရခက် သွားတာပေါ့'' ဟု ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောသည်။

အလုပ် ခေါ်ယူသည့် နှုန်းထက်စာလျှင် အမှန်တကယ် အလုပ်အကိုင် ရရှိမှု နည်းပါး နေရခြင်းမှာ ခေါ်ယူသည့် လုပ်ငန်းများနှင့် အဆင်ပြေမည့် အလုပ် လျှောက်လွှာရှင် များကို လုပ်ငန်းရှင် များမှ ခေါ်ယူတွေ့ဆုံမှုများ ရှိသော်လည်း လုပ်ငန်းတွင် အသုံးပြု နိုင်မည့် အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းများ ရှားပါးနေခြင်း ဖြစ်သည်။

ဘွဲ့ရပြီး သူများသည် လက်တွေ့ ဝင်ရောက် လုပ်ကိုင်မည့် အလုပ်နေရာ အတွက် သက်ဆိုင်ရာ လုပ်ငန်း တာဝန်များအား တတ်ကျွမ်းအောင် ပြင်ဆင်ထားရန် လိုအပ်သည်။

''အခု တဖြည်းဖြည်းနဲ့ နိုင်ငံတကာက လုပ်ငန်းတွေလည်း ဝင်လာပြီ။ လူငယ်တွေ အနေနဲ့ International Standard ရှိအောင် အဆင်သင့် လုပ်ထားဖို့တော့ လိုတယ်။ ဒါမှ နိုင်ငံတကာနဲ့ တန်းဝင်အောင် လုပ်လို့ရမှာပါ။ အရင်တုန်းက အတိုင်း သွားနေမယ် ဆိုရင်တော့ လုပ်ငန်း အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ဘက်က အဆင်သင့် ဖြစ်အောင် အားလုံး ပြင်ဆင်ထားဖို့ လိုတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ အလုပ် လျှောက်ထားသူ များတွင် ဘွဲ့ရထားပြီး သူများ အနေဖြင့် ရာထူး တစ်နေရာ ရရှိရန်ထက် လုပ်ငန်းတစ်ခုကို အောက်ခြေမှ ဝင်ရောက်၍ စတင် လုပ်ကိုင်မှုများ ပြုလုပ်မှသာ အောင်မြင် လာနိုင်မည် ဖြစ်သည်။

လက်ရှိတွင် အလုပ် ဝင်ရောက် လုပ်ကိုင်နိုင်ရန် အလွယ်တကူ ရရှိမှု များသည့် နေရာများမှာ ကုမ္ပဏီ အငယ်စား များနှင့် အရောင်းစာရေး၊ ဈေးကွက် ရှာဖွေရေး၊ စီမံရေးရာ ဌာနများ၊ HR အစရှိသည့် နေရာများ ဖြစ်ပြီး လုပ်ငန်း ကြီးမားသည့် ကုမ္ပဏီ များသည် အေဂျင်စီများ နှင့် မချိတ်ဆက် တော့ဘဲ တိုက်ရိုက် အလုပ်ခေါ်ယူ နေကြခြင်း ဖြစ်သည်။

မြတ်လေးငုံ

မြဝတီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...