မန္တလေး ၊ ၂၁-၇-၂၀၁၅
မန္တလေးမြို့ ကုသိုလ်တော် ဘုရားရှိ ကျောက်စာများ လုံခြုံရေးအတွက် အုတ်တံတိုင်း သွပ်ဆူးကြိုးများ ကာရံခြင်းနှင့် စန္ဒာမုနိ ဘုရားတွင် ယာဉ်ရပ်နားရန် နေရာများ သတ်မှတ်ခြင်း စသည့် လိုအပ်သော အစီအမံများ ဖြည့်ဆည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကုသိုလ်တော်ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။
အဆိုပါ ကုသိုလ်တော်ဘုရား ပတ်ပတ်လည်တွင် ယခင်က မြေဖို့ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ အုတ်တံတိုင်းများ တဖြည်းဖြည်း နိမ့်လာခဲ့ပြီး ဘုရားအတွင်းသို့ ကျော်တက်၍ ခိုးဝင်မှုများ ရှိကြောင်း၊ ထို့ပြင်ညဘက် တွင်လည်း မှောင်ရိပ်ခိုမှုများ ရှိကြောင်း၊ အဆိုပါ ကိစ္စများကို ကာကွယ်ပြီး ဘုရားဝင်း အတွင်း လုံခြုံစေရန် အတွက် ဘုရား၏ အရှေ့ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် အုတ်တံတိုင်းများ ပေါ်တွင် သွပ်ဆူးကြိုးများ ကာရံသွားမည် ဖြစ်ပြီး စုစုပေါင်း ပေ ၁၅၅ဝ ထိ သွပ်ဆူးကြိုးများ ကာရံသွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ဦးစိန်မြင့် (Art Gallery) က ပြောပြသည်။
ထို့ပြင် သွပ်ဆူးကြိုးများ ကာရံ ထားသော်လည်း လုံခြုံရေး လွှမ်းခြုံမှု ရှိစေရန် CCTV ကင်မရာ များကို ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်သည်။ လက်ရှိတွင် CCTV ကင်မရာ သုံးလုံး တပ်ဆင်ထားပြီး CCTV ကင်မရာများ ကိုလည်း နေရာ ၁ဝ နေရာထိ တိုးချဲ့တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကုသိုလ်တော် ဘုရားအနီးတွင် အသစ်ပြင်ဆင် ဆောက်လုပ် ထားသည့် သတ္တဌာန နှင့် သုဓမ္မာ ဇရပ်တန်းတို့ကို ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားလာ ခြင်းကြောင့် သန့်စင်ခန်း ၁ဝ လုံးမှ ၁၂ လုံးထိ တိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ကာ ယာဉ်ရပ်နားရန် နေရာများလည်း ရှားပါးလာခဲ့ပြီး ထိုသို့ ရှားပါးလာပြီး ယာဉ်များ ပိတ်ရပ်ခြင်းများ မဖြစ်စေရန် စန္ဒာမုနိ ဘုရားကြီး အနောက်ဘက် ဂေါပက ပိုင်နယ်မြေတွင် ယာဉ်ရပ်နားရန် နေရာသတ်မှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ကုသိုလ်တော်ဘုရား အနီးတွင်လည်း ဂေါပကရုံး တည်ဆောက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။
မြတ်ကိုထွန်း
ရတနာပုံနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၂)
#Yadanarpondaily


No comments:
Post a Comment