Social Icons

Pages

Wednesday, July 8, 2015

အကျိတ်ကျေ ဇာတိပ္ဖိုလ်သီး


အကျိတ်ကျေ ဇာတိပ္ဖိုလ်သီး

ကြည်မြင့်လွင် (မုဒြာ)

အံဆုံးပေါက်ပြီး သွားနာ၍ ပါးချိတ်ရောင် နေသူ တစ်ဦးသည် ဆားရည်ငုံ ထွေးကာ ပါးတွင် ဇာတိပ္ဖိုလ်သီး သွေးလိမ်း သောအခါ သက်သာပြီး အရောင်ကျ သွားသည်ဟု ဆိုသည်။ အံဆုံးသည် သွားဖုံးထူ သဖြင့် ပေါက်မထွက် နိုင်သောအခါ အနာကိုက် သကဲ့သို့ ကိုက်ပြီး မေးရိုးအောက်ရှိ အကျိတ်များပါ ရောင်လာ တတ်သည်။ ဇာတိပ္ဖိုလ်သီး သည် ပြင်ပမှ လိမ်းရုံဖြင့် အရောင်ကျ စေနိုင်သည်။

ဇာတိပ္ဖိုလ်သီး သည် အပြင်ခွံပါပြီး မာကျောသော အသီးမျိုး ဖြစ်သည်။ အတွင်းမှ အဆန်ကို သွေးလိမ်းလျှင် လည်းရသည်။ အစေ့ခွံကို ဖုံးအုပ်ထားသော အမြှေးခွံ သည်လည်း ဆေးဖက်ဝင်သည်။ ၄င်းကို ဇာပွင့်ဟု ခေါ်ကြသည်။ အစာကြေဆေး၊ အခိုးပွင့်ဆေး များတွင် ထည့်သွင်းပြီး ဆေးဖော်လေ့ ရှိကြသည်။

ဇာတိပ္ဖိုလ်သီး သည် အပူလိုင်း ဆေးမျိုးဖြစ်သည်။ ဆေးကျမ်းများ အလိုအရ မူရင်း အရသာမှာ ပူ၊ ခါး၊ ဖန် အရသာ ရှိသည်။ အဖန်ဓာတ် ပါသဖြင့် အချုပ်ဘက်သို့ ပါသည်။ ခြေအေး ဝမ်းရောင်ဖြစ်၍ ဝမ်းလျှော သူများကို ဇာတိပ္ဖိုလ်သီး သွေးတိုက်လျှင် ဝမ်းပျစ်လာပြီး ပုံမှန် ပြန်ဖြစ်နိုင်သည်။

ပါးတွင် ဝက်ခြံပေါက် သူများ ဝက်ခြံ အဆန် မထွက်ဘဲ ခဲနေလျှင် ဇာတိပ္ဖိုလ်သီး သွေးလိမ်း ခြင်းဖြင့် အဖုပေါက်ပြီး အတွင်းမှ အဆန်ထွက် သွားနိုင်သည်။ ဝက်ခြံများ ပြုံခဲနေလျှင်၊ အဆန်များ တည်နေလျှင် ဇာတိပ္ဖိုလ်သီးကို ခွဲပြီး အတွင်းမှ အဆန်ကို သွေးလိမ်းခြင်းဖြင့် ပျောက်ကင်း နိုင်သည်။

နှလုံးနှင့် ရင်ကျပ် ၊ အမောရောဂါ တွဲ၍ ဖြစ်သူများသည် ဇာတိပ္ဖိုလ်သီး အဆန်ကိုသွေးပြီး ပျားရည်နှင့် ရောစပ် တိုက်ခြင်းဖြင့် အမောရောဂါ သက်သာ စေနိုင်သည်။ ရင်တုန်ခြင်း ကိုလည်း သက်သာ စေနိုင်သည်ဟု ဆိုသည်။

အစာ အနည်းငယ် စားရုံမျှဖြင့် ရင်တောင့်ပြီး အသက်ရှူမဝ ဖြစ်နေ သူများသည် အစာစားပြီး သောအခါ ဇာတိပ္ဖိုလ်သီး သွေးရည်ကို ဖြည်းဖြည်းချင်း လျက်ပေးခြင်းဖြင့် သက်သာ စေနိုင်သည်။

ရှေးက တောလက်သည် (မီးဖွားပေးသူ) များသည် မီးဖွားပြီး အချင်းမကျလျှင် မိခင်ကို ဇာတိပ္ဖိုလ်သီး အလုံးလိုက် ဝါးစားခိုင်းလေ့ ရှိသည်။ ထိုသို့ ဝါးစားလျှင် သွေးပုပ်များ ကျဆင်းပြီး ကပ်ကျန် နေသော အချင်းကိုပါ ကျစေသဖြင့် မိခင်အသက်ကို ကယ်နိုင်သည်ဟု ဆိုသည်။

ဆေးဆရာ နေမကောင်းလျှင် ဇာတိပ္ဖိုလ်သီး ပိုးထိုးသည် ဟု ပြောလေ့ရှိသည်။ ဤအဆိုအရ ဇာတိပ္ဖိုလ်သီး သည် ပိုးမထိုးသော အသီးမျိုး ဖြစ်သည်။ အပူဓာတ်ကြောင့် ပိုးမထိုး၊ အခွံမာ ပါသဖြင့် ပိုးမဖောက်နိုင်သော အသီးမျိုး ဖြစ်သည်ဟု ဆိုသည်။

ဇာတိပ္ဖိုလ်သီး၊ လေးညှင်းပွင့် နှင့် ဒုတ္ထာ တို့ကို အမှုန့် ပြုလုပ်ပြီး သွားကိုက်၊ သွားနာ၊ သွားပိုးစား အခေါင်းပေါက် ဖြစ်လျှင် သိပ်ပေးနိုင်သည်။ 'သွားအခေါင်း ပေါက်တွင် သိပ်ပေးခြင်းဖြင့် အကိုက် သက်သာ ပျောက်ကင်း စေနိုင်သည်။ ပူ၍ အကိုက်အခဲ ပျောက်သော ဆေးနည်း ဖြစ်သည်။

ခေါင်းကိုက်၊ ခေါင်းအုံ၊ ဇက်ကြောတက်၊ ရှူဆေး ပြုလုပ်လိုလျှင် ဖန်ပုလင်း အလွတ် တစ်လုံးတွင် ဇာတိပ္ဖိုလ်သီး တစ်လုံးကို ထုခြေပြီး ထည့်ပါ။ ဇာတိပ္ဖိုလ်အပွင့် (ဇာပွင့်) ငါးပွင့်ထည့်ပါ။ ငရုတ်ကောင်းစေ့ ကိုးစေ့ထည့်ပါ။ နာနတ်ပွင့် ခုနစ်ပွင့် ထည့်ပါ။ ဇဝက်သာခဲ သေးသေး တစ်ခဲထည့်ပါ။ အားလုံး စုထည့်ပြီးလျှင် ငရုတ်ကောင်းဆီ (ပက်ပါမင့်) နှစ်စက် သုံးစက် ထည့်ပြီး ပုလင်းအဖုံး လုံအောင် ပိတ်ထားပါ။ မူးလျှင်၊ ဇက်ကြော တက်လျှင် ဖွင့်ပြီး ရှူပေးပါက သက်သော စေသော ဆေးဘူး ဖြစ်သည်။

အလုံး ၊ အကျိတ် ၊ အဖု ၊ သွေးစုနာ ၊ အပူခဲနာ များသည် မိသားစုတိုင်း တွင် ဖြစ်လေ့ရှိသဖြင့် ဇာတိပ္ဖိုလ်သီး ကို အိမ်တိုင်း ဆောင်ထား သင့်ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...