Social Icons

Pages

Thursday, July 9, 2015

တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ငရုတ်သီးပိဿာချိန် လေးသိန်း စမ်းသပ်တင်ပို့မည်



ရန်ကုန် ၊ ၉-၇-၂၀၁၅

မြန်မာနိုင်ငံမှ ထွက်ရှိသော ငရုတ်သီး ပိဿာချိန် လေးသိန်း ခန့်ကို ယခုနှစ်မှ စတင်၍ တောင်ကိုရီးယား နိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် တင်ပို့ရောင်းချ သွားရန် စီစဉ်လျက် ရှိကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ လယ်ယာ ထွက်ကုန် များကို ဈေးကွက်နှင့် ဈေးနှုန်း ခိုင်မာမှု သေချာသည့် တောင်ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့သို့ ရေကြောင်း၊ လေကြောင်းတို့မှ တင်ပို့ ရောင်းချ နိုင်ရန် စီစဉ်လျက်ရှိပြီး ငရုတ်သီး အပြင် တခြားလယ်ယာ ထွက်ကုန်ပစ္စည်း များကိုလည်း တင်ပို့ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်မှာ တောင်ကိုရီးယား နိုင်ငံကို ပထမဆုံး အကြိမ် စမ်းသပ်တဲ့ အနေနဲ့ ငရုတ် ပိဿာချိန် လေးသိန်း တင်ပို့ဖို့ အတွက် သဘော တူညီမှုတွေ ရရှိထားပါတယ်။ ငရုတ်အပြင် တခြားလယ်ယာ ထွက်ကုန် တွေလည်း တင်ပို့သွားမယ်။ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယား နိုင်ငံက မြန်မာ့လယ်ယာ ထွက်ပစ္စည်း တွေကို ဈေးကောင်း ပေးတယ်။ ဈေးနှုန်း မှန်ကန်အောင် ထိန်းညှိပေးတဲ့ အတွက် အဲဒီနိုင်ငံ တွေကို လယ်ယာ ထွက်ကုန်တွေ အဓိကတင်ပို့ ရောင်းချသွားမယ်'' ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် စားသုံးမှု ဘေးအန္တရာယ် ကင်းရှင်း လုံခြုံစိတ်ချရမှု အပြည့်အဝ ရရှိရန် ထွက်ရှိလာသည့် သီးနှံများကို ခေတ်မီ အအေးခန်း စနစ်ဖြင့် သိုလှောင်ခြင်း၊ ဆေးကြောစက် များဖြင့် သန့်စင်ခြင်း၊ အဆင့်မြင့် ထုပ်ပိုးခြင်းတို့ ဆောင်ရွက်၍ အအေးခန်း စနစ်ပါ ကွန်တိန်နာ များဖြင့် ရေကြောင်းနှင့် လေကြောင်းတို့မှ တင်ပို့ရောင်းချ နိုင်ရန် လိုအပ်သော အခြေခံ အဆောက်အအုံ များကို နည်းပညာနှင့် ငွေကြေးများ ရင်းနှီးမြှုပ်နှံ၍ တည်ဆောက် အကောင် အထည်ဖော် လျက်ရှိကြောင်း သိရသည်။

တောင်သူများ အနေဖြင့် စိုက်ပျိုး၍ ထွက်ရှိသော သီးနှံများ၏ အရည်အသွေး ပိုင်းကို စံချိန်စံညွှန်း ကိုက်ညီစွာ စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ်ပြီး မြန်မာ့ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ များကို နိုင်ငံတကာ ဈေးကွက်တွင် အခိုင်အမာ နေရာရရှိရေး အတွက် မြန်မာ အမှတ်တံဆိပ် (Myanmar Brand) တစ်ခုအဖြစ် အသိအမှတ်ပြု လာသည်အထိ ကြိုးပမ်း ဆောင်ရွက်ရန် တောင်သူများမှ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပြီး ဝန်ကြီးဌာန မှလည်း ထောက်ပံ့ ကူညီမှုများကို ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...