Social Icons

Pages

Tuesday, July 21, 2015

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက လူဦးရေအထူထပ်ဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်၏ အစားအစာကိစ္စများကို ခြိမ်းခြောက်လာ



ဝါရှင်တန် ၊ ၂၁-၇-၂၀၁၅

ယနေ့ တစ်ကမ္ဘာလုံး ကြုံတွေ့ နေကြရသော ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် နေမှုက ကမ္ဘာကြီး၏ အစားအစာ ကိစ္စများကို ခြိမ်းခြောက် စပြုလာနေပြီး အထူးသဖြင့် တရုတ်နိုင်ငံနှင့် အာဖရိကတိုက် အတွက် စိန်ခေါ်မှုများ ရင်ဆိုင်ရဖွယ် ရှိနေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၂ဝ ရာခိုင်နှုန်း (သို့မဟုတ်) ငါးပုံတစ်ပုံထိ များပြား နေသော်လည်း တရုတ်နိုင်ငံ စိုက်ပျိုးမြေ များသည် ကမ္ဘာကြီးတွင် ရှိသော စိုက်ပျိုးမြေ များ၏ ၉ ရာခိုင်နှုန်းသာ ရှိနေသည်။ တရုတ်နိုင်ငံ သားများတွင် အာဟာရဓာတ် မပြည့်မစုံနှင့် စားသောက် နေကြရ သူများမှာ ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်ထိ ၂၅၄ သန်းခန့် ရှိနေပြီး ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၂ ခုနှစ်တွင် ၁၅၈ သန်းသာ ရှိအောင် လျှော့ချ လာနိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ လုပ်အားသည် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းထိ ရှိနေသည်။ သို့သော် စိုက်ပျိုးနိုင်သော မြေများ လျော့နည်း နေကြောင်း ၁၉၉၁ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း သိသိသာသာ တွေ့ရှိ လာရသည်။

ကျေးလက်ဒေသ များမှ လူအများ မြို့ကြီးများသို့ ပြောင်းရွှေ့ လာကြပြီး မြို့များတွင် စည်ကား လာနေခြင်းနှင့် တရုတ်နိုင်ငံ၏ ကမ္ဘာကျော် ပတ်ဝန်းကျင် ညစ်ညမ်းမှု သည် လယ်ယာမြေများ (သို့မဟုတ်) စိုက်ပျိုးမြေ များကို အခက်အခဲ များစွာ ဖြစ်ပွား လာစေကြောင်း၊ သို့ဖြစ်၍ တရုတ် နိုင်ငံသားများ စားသောက်ရေး စိတ်မချရသော အခြေအနေ များတွေ့ရှိ နေရသည်။ ထို့ပြင် တရုတ်လူမျိုး တို့တွင် ဝင်ငွေ ကောင်းလာ နေကြသဖြင့် တစ်ဦးချင်း စားသောက်မှု ပမာဏပါ ကြီးထွား လာနေကြောင်း သိရသည်။

အာဖရိကတိုက် ကြီးရှိ လူဦးရေ နှင့် တရုတ်နိုင်ငံရှိ လူဦးရေ နှစ်မျိုး ပေါင်းလိုက်လျှင် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ ကျော်ထိ ရှိနေသည်။ တရုတ်နိုင်ငံ သည် အာဖရိကတိုက် ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သကဲ့သို့ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု များနှင့် အကူအညီများ လက်ခံရရှိ နေသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၁ ဒသမ ၄ ဘီလီယံ ရှိနေပြီး အာဖရိက တိုက်ကြီးရှိ နိုင်ငံပေါင်း ၅၄ နိုင်ငံတွင်လည်း စုစုပေါင်း လူဦးရေ ၁ ဒသမ ၁ ဘီလီယံ ရှိနေသည်။ ကမ္ဘာ့ အစားအစာ လုံခြုံ စိတ်ချရမှု စံချိန်သတ်မှတ် ရာတွင် နိုင်ငံတွင်း စားသုံးရန် လုံလောက်မှု၊ နိုင်ငံခြားသို့ ရောင်းချနေမှုနှင့် စိတ်ချလက်ချ စားသုံးနိုင်ခြင်း စသည့် အချက်များက အဓိက ပါဝင်သည်။

အဆိုပါ အချက်များနှင့် ညီညွတ်သော နိုင်ငံပေါင်း ၁ဝ၉ နိုင်ငံရှိရာ တရုတ်နိုင်ငံသည် အဆင့် ၄၂ တွင်ရှိနေပြီး အာဖရိကတိုက် မှ တောင်အာဖရိက နိုင်ငံသည် အဆင့် ၄၁ တွင် ရှိနေသည်။ အာဖရိကတိုက်မှ ကျန်နိုင်ငံ အများစုကမူ အောက်ဆုံး အဆင့်များ တွင်သာ တွေ့ရှိနေရသည်။ ၄င်းအဆင့်များမှ တစ်ဆင့် စဉ်းစားကြည့်သော အခါ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံ တို့က စားသောက်ရေးတွင် စိတ်ချရသည့် နိုင်ငံများဟု သတ်မှတ် နိုင်သော်လည်း ယနေ့ရင်ဆိုင် နေရသော ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုက တရုတ်နိုင်ငံနှင့် အာဖရိကတိုက်၏ အစားအစာ လုံခြုံမှုကို ခြိမ်းခြောက် စပြုနေပြီ ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ ၂၁-၁၀-၂၀၁၅ ၊ စာ(၂၄)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...