Social Icons

Pages

Tuesday, June 9, 2015

ဧရာဝတီလင်းပိုင် များ၏ ဒေသမျိုးရင်းအမှန်ကို သက်သေပြနိုင်ရန် DNA Record မှတ်တမ်းများ ပြုလုပ်ထားရှိရန် လိုအပ်



မန္တလေး ၊ ၉-၆-၂၀၁၅

မြန်မာနိုင်ငံတွင် ကုန်း၊ ရေ သတ္တဝါများ မျိုးစုံ ကျင်လည် ကျက်စားလျက် ရှိရာ ရှားပါး သတ္တဝါများတွင် ဧရာဝတီ လင်းပိုင် များသည်လည်း မျိုးစိတ်တစ်ခု အနေဖြင့် ဧရာဝတီမြစ် အတွင်း နေထိုင်ကျက်စား ရှင်သန်လျက် ရှိသည်။

အဆိုပါ ဧရာဝတီ လင်းပိုင်များ သေကျေ ပျက်စီးပြီး မျိုးသုဉ်းမှု အန္တရာယ် ကင်းဝေးစေရေး အတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူ အသီးသီးက ဝိုင်းဝန်း ထိန်းသိမ်းလျက် ရှိသည်။

ထိုသို့ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်း ပျက်စီးမှု မရှိစေရေး ထိန်းသိမ်းခြင်း လုပ်ငန်းများ အပြင် ဧရာဝတီ လင်းပိုင်များ၏ ဒေသမျိုးရင်း နေရာအမှန်ကို သက်သေပြ နိုင်ရန်အတွက် DNA Record မှတ်တမ်းများ ပြုလုပ်၍ နိုင်ငံတကာ DNA ဘဏ်များတွင် မှတ်တမ်းထားရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံက ပြောပြသည်။

''လက်ရှိ မန္တလေး- ကျောက်မြောင်း ထိန်းသိမ်းရေး နယ်မြေထဲမှာ ဧရာဝတီ လင်းပိုင် ၂၄ ကောင် ရှိပါတယ်။ ဒီနှစ် လေ့လာ စောင့်ကြည့်ချက် အရ သားပေါက်တာ မတွေ့ရ ပါဘူး။ ဒီ ဧရာဝတီလင်းပိုင် တွေကို DNA Record ထားရှိ သင့်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီလင်းပိုင်တွေ မျိုးသုဉ်း ပျောက်ကွယ်တဲ့ အခါ နိုင်ငံတကာ DNA ဘဏ်တွေမှာ DNA Record မရှိဘူးဆိုရင် ဧရာဝတီ လင်းပိုင်မျိုးစိတ် တွေရဲ့ မူလဒေသ နေရာအမှန်ကို သက်သေပြ နိုင်မှာ မဟုတ်ပါဘူး''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဧရာဝတီလင်းပိုင် တို့သည် ရေတွင် နေထိုင် ကျက်စားသည့် နို့တိုက် သတ္တဝါမျိုးစိတ် တစ်မျိုးဖြစ်သည်။ အေဒီ ၈ ရာစုခန့်မှစ၍ ဧရာဝတီ လင်းပိုင်တို့သည် ဧရာဝတီမြစ် အတွင်း နေထိုင်ကျက်စား ခဲ့ကြသည်ကို တရုတ်နိုင်ငံ တန် မင်းဆက် သမိုင်းတွင် ဖော်ပြ ပါရှိသည့် အထောက်အထား များအရ သိရှိရပြီး တည်ရှိမှု သက်တမ်းသည် နှစ်ပေါင်း ၁၂ဝဝ ကျော်ခဲ့ပြီ ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရသည်။

ရေတွင် ကျက်စားပြီး လင်းပိုင်တို့၏ ခန္ဓာကိုယ် အရေပြား အောက်တွင် ထူထဲသည့် အဆီလွှာ ဖွဲ့စည်း ပါဝင်ခြင်းကြောင့် ယခင်က မြစ်ဝက် (River Pig) ဟုခေါ်ဝေါ် ခဲ့ကြသည်။ ၁၉ ရာစုတွင် သဘာဝဗေဒ ပညာရှင် ဂျွန်အန်ဒါဆင် က ဧရာဝတီမြစ် အတွင်း တွေ့ရှိသွားခဲ့ရာ မှစ၍ ဧရာဝတီမြစ်ကို အစွဲပြုပြီး ဧရာဝတီ လင်းပိုင် (Irrawaddy Dolphin) ဆိုသည့် ကမ္ဘာ့မှတ်တမ်းဝင် အမည် ရရှိခဲ့ကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...