Social Icons

Pages

Friday, June 5, 2015

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက် များနှင့် လက်တွေ့ ဆောင်ရွက်မှုများ ပိုမိုခိုင်မာ လာစေမည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့



ဝန်းရံခ

ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ပြည်သူများ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အပေါ် အာရုံစူးစိုက် လာစေရန် နှင့် ကမ္ဘာ့ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက် ပျက်စီးမှု ပြဿနာများ အနက် အခြေအနေနှင့် အချိန် အခါပေါ် မူတည်၍ နှစ်အလိုက် ဖြစ်ပွား ပေါ်ပေါက်နေသည့် အရေးကြီး ပြဿနာများနှင့် အဓိက စိန်ခေါ်မှု များကို ပိုမိုသိရှိကာ အာရုံစူးစိုက် ဖြေရှင်း ဆောင်ရွက် လာကြစေရန် ရည်ရွယ် ပြုလုပ်သည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကို ၂ဝ၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက် များနှင့် လက်တွေ့ ဆောင်ရွက်မှု များကို ပိုမိုခိုင်မာ လာစေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အသိပညာ ပြန့်ပွားရေး လှုပ်ရှားမှုများ အတွက် တိုက်တွန်း နှိုးဆော်သည့် နိုင်ငံတကာ အခမ်းအနား တစ်ရပ်ဖြစ်သည်။

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပခြင်း အားဖြင့် ပြည်သူများ အကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အကြောင်းအရာ များကို စိတ်ပါဝင်စား မှုများ မြင့်တက်လာစေပြီး လေ့လာ လိုက်စားမှုများ တိုးတက်စေကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများ တွင် ကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက် လိုစိတ်များ တိုးတက် ဖြစ်ပေါ် လာနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကြောင့် စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန် ဖြင့် တိုးတက် လာခဲ့ရာ ပတ်ဝန်းကျင် ထိခိုက်မှုများ ပိုမိုများပြား လာနိုင်သည်။

ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရွှေ၊ ကြေးနီ စသည့် သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ မွေးမြူရေး နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် (Environmental Impact Assessment-E I A) ပြုလုပ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံး ဖြစ်အောင် ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP) ချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း၊ လူ၊ တိရ စ္ဆာန်၊ အပင်များ ရောဂါဘယ ဖြစ်ပွားခြင်း၊ သေဆုံး ပျက်စီးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ပျက်သုဉ်းခြင်း နှင့် မျိုးသုဉ်း ပျောက်ကွယ်ခြင်း၊ ရေကောင်း ရေသန့် ရှားပါးခြင်းနှင့် တခြား ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ပစ္စည်းများ ပျက်စီးဆုံးရှုံး ခြင်းများ ဖြစ်ပေါ် လာခဲ့ရာ ကမ္ဘာနှင့် အဝန်း ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်း စေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာများ ပေးခြင်းဖြင့် ပြည်သူလူထု အားလုံး၏ ပူးပေါင်း ဆောင်ရွက်ခြင်း ကို ရယူကာ ရေရှည်တွင် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ မြန်မာ နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် သဘာဝ အရင်းအမြစ်များ ကို အားထားရသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး သဘာဝ သယံဇာတ အရင်းအမြစ် များကို အကောင်းဆုံး နည်းလမ်းဖြင့် ရေရှည် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန် တာဝန်ရှိသည့် အားလျော်စွာ နိုင်ငံတော် အစိုးရသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အဆင့်ဆင့် အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ် များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အခမ်းအနား များကို ကမ္ဘာ့နိုင်ငံ အသီးသီးရှိ မြို့ကြီးများ၌ နှစ်စဉ် လှည့်လည် ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ ပြည်သူလူထု အကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့ လာစေရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ကိုယ်တိုင် ပူးပေါင်း ဆောင်ရွက် လာစေရန် ဟူသော ရည်ရွယ်ချက် များဖြင့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား များကို နှစ်စဉ်ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် ရေးသား တင်ပြလိုက်ရ ပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...