Social Icons

Pages

Friday, June 5, 2015

မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်း၍ မြန်မာ့လက်မှုပစ္စည်း များကို ပြည်ပဈေးကွက် ရရှိရန် ဆောင်ရွက်မည်



ရန်ကုန် ၊ ၅-၆-၂၀၁၅

မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်း၍ ယခုနှစ် နှစ်လယ်ပိုင်းတွင် ပြည်တွင်းမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်း များကို ပြည်ပနိုင်ငံ များသို့ တင်ပို့ ရောင်းချနိုင်သည့် ပြည်ပဈေးကွက် တစ်ခုဖြစ်ပေါ် စေရန် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူများ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဒီဇိုင်းပိုင်း ဆိုင်ရာတွင် ဂျပန်နိုင်ငံ၏ ဒီဇိုင်း ကုမ္ပဏီကြီး နှစ်ခုမှ ပါဝင် ပူးပေါင်းပြီး မြန်မာ့လက်မှု ပစ္စည်းများကို ခေတ်မီဒီဇိုင်း များဖြင့် ပုံဖော်ပေးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ နှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်းပြီး မြန်မာ့လက်မှု ပစ္စည်းများအား ပြည်ပနိုင်ငံ များသို့ တင်ပို့ရန် အတွက် ဈေးကွက် ရှာသည့် နေရာတွင် ဂျပန်နိုင်ငံ အပါအဝင် ဥရောပ နိုင်ငံများ ဖြစ်သည့် အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ စသည့်နိုင်ငံ များသို့ တင်ပို့ ရောင်းချမှု ပြုလုပ်ရန် စီစဉ် ထားရှိသည်။

မြန်မာနိုင်ငံမှ ထွက်သည့် ယွန်းထည်နှင့် ကြိမ်ထည် စသည့် လက်မှုပစ္စည်းများ ကို ခေတ်မီ ဒီဇိုင်းဖြင့် ပြည်ပနိုင်ငံ များသို့ တင်ပို့မှု ပြုလုပ်ရန် အစီအစဉ်ကို ၂ဝ၁၄ ခုနှစ် ကတည်းက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူများ ဌာနမှ ပြည်တွင်းရှိ လက်မှုပစ္စည်း ထုတ်လုပ်သည့် သူများနှင့် ပူးပေါင်းပြီး စီစဉ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်တင်ပို့ ရောင်းချနိုင်ရန် လုပ်ဆောင်ခြင်းဖြင့် အကောင် အထည်ဖော် သွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင်လည်း ပြည်ပ နိုင်ငံများကို တင်ပို့နိုင်သည့် မြန်မာ့လက်မှု ပစ္စည်းများ၏ ခိုင်မာသည့် ပြည်ပဈေးကွက် ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...