Social Icons

Pages

Wednesday, June 3, 2015

ဧရာဝတီတိုင်း ဒေသကြီးတွင် လေဆိပ်သစ် ဆောက်လုပ်သွားရန် စီစဉ်



ရန်ကုန် ၊ ၃-၆-၂၀၁၅

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် အများဆုံး လာရောက်ကြသည့် ငွေဆောင် ကမ်းခြေသို့ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ခရီးသွား ဧည့်သည်များ လွယ်ကူစွာ လာရောက်နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးတွင် လေဆိပ်သစ် တစ်ခု ဆောက်လုပ် သွားရန်ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း က ပြောသည်။

လက်ရှိတွင် လေဆိပ် ဆောက်လုပ်မည့် နေရာကို ရွေးချယ်နေဆဲ ဖြစ်ပြီး ဒေသခံနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိမှသာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးသွား ဧည့်သည်တွေ အတွက် ကားစီးပြီး သွားလို့ရတယ် ဆိုတာထက် တစ်ရက်တည်းနဲ့ အချိန်သက်သာ အောင် လေယာဉ်နဲ့ တိုက်ရိုက်သွား ရတဲ့အခါ ဟိုက တိုက်ရိုက်လာပြီး ချက်ချင်း သွားလိုရာကို တန်းသွားနိုင်မယ့် အခြေအနေက ပိုကောင်း တာပေါ့။ ပျမ်းမျှ အကျယ်အဝန်း တွေ၊ အသေးစိတ် ဆောက်လုပ်ဖို့ တွေကတော့ သေချာ မဆုံးဖြတ် ရသေးပါဘူး '' ဟု ၄င်းက ပြောသည်။

ငွေဆောင်ကမ်းခြေ သို့ ရန်ကုန်မှ ကားဖြင့် သွားရောက်မည် ဆိုပါက လေးနာရီကြာ သွားရောက်ရပြီး တောင်ကြီးနှင့် မန္တလေးမြို့တို့မှ သွားရောက်မည် ဆိုပါက ၁၁ နာရီခန့် အချိန်ပေး ရသော ခရီးစဉ်တစ်ခု ဖြစ်သည်။ ထို့အပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ သွားရောက်ရာ ကမ်းခြေတစ်ခု ဖြစ်သည့် အတွက် အချိန်ကုန် သက်သာစေရန် နှင့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု ယခုထက် ပိုမိုလာစေရန် ရည်ရွယ်၍ လိုအပ်သော အခြေခံ အဆောက်အအုံများ သာမက လမ်းပန်း ဆက်သွယ်ရေး ပိုမို ကောင်းမွန်စေရန် ဆောင်ရွက်သော အစီအစဉ် တစ်ခု ဖြစ်သောကြောင့် ဒေသအတွက် အဆင်ပြေမည် ဆိုပါက အဆိုပါ အစီအစဉ်ကို ယခုနှစ်ကုန် အမီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေ သာမက ငပလီ ကမ်းခြေကိုပါ ထိုင်းနိုင်ငံမှ တစ်ဆင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာစေရန် ယခုနှစ်ကုန် အမီ ဗန်ကောက်မှ ငပလီသို့ တိုက်ရိုက် လေကြောင်း ပြေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မင်းမင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...