Social Icons

Pages

Wednesday, June 3, 2015

မြန်မာနိုင်ငံအတွင်းရှိ ငါးနှစ်အောက် ကလေးငယ် ၁၄၅ ဦးခန့် နေ့စဉ်သေဆုံးနေ



ရန်ကုန် ၊ ၃-၆-၂ဝ၁၅

ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ အဆုတ်ရောင် ရောဂါနှင့် အာဟာရ ချို့တဲ့ခြင်းများ စသည့် အကြောင်း အမျိုးမျိုးသော ရောဂါများကြောင့် မြန်မာနိုင်ငံ အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ် ၁၄၅ ဦးခန့် နေ့စဉ် သေဆုံး နေရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံ၌ ကျန်းမာရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ နှင့် ကျန်းမာရေး ဝန်ထမ်း မလုံလောက်မှု ရှိနေခြင်း၊ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း၊ ရှေးရိုးစွဲ အစဉ်အလာ များကို ယုံကြည်ခြင်း၊ သန့်ရှင်းသည့် ရေကို ရရှိမှု နည်းပါးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုစနစ် အားနည်းခြင်း နှင့် ကျန်းမာရေး အသုံးစရိတ် နည်းပါးစွာ ရရှိခြင်း တို့ကြောင့် ယခုကဲ့သို့ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစ ကလေးငယ် များအား ကျန်းမာရေး ဝန်ဆောင်မှု ပေးရာတွင်လည်း အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုစနစ် အားနည်းခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များ၏ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်း တို့ကြောင့် အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု နှုန်းသည် ယခုကဲ့သို့ မြင့်မားနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း များကို မြို့ပြနှင့် ကျေးလက်ဒေသရှိ ကလေးငယ် များအား ခွဲခြားလေ့လာ ခဲ့ရာတွင် မြို့ပြရှိ ကလေးငယ် များထက် ကျေးလက် ဒေသရှိ ကလေးငယ်များ၏ သေဆုံးမှုမှာ နှစ်ဆခန့် ရှိနေကြောင်း၊ ဝေးလံပြီး ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများ၌ သေဆုံးမှု များမှာ ပိုမိုမြင့်မား နေကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လေ့လာချက် များအရ ငါးနှစ်အောက် ကလေးငယ်များတွင် အာဟာရ ချို့တဲ့မှု မြင့်မားသည့် နိုင်ငံ ၂၄ နိုင်ငံ၌ မြန်မာနိုင်ငံ သည်လည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေးသူငယ် များ၏ အာဟာရ ချို့တဲ့မှု အခြေအနေ ဆိုးရွားနေပြီး ကမ္ဘာ တစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု များ၏ ၄၅ ရာခိုင်နှုန်းမှာ အာဟာရ ချို့တဲ့မှုနှင့် ဆက်စပ် နေကြောင်း သိရသည်။

အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ် ၈ဝ တွင် ခုနစ်ဦးမှာ အသက်ငါးနှစ် မတိုင်မီ သေဆုံးနေရပြီး အာဟာရ လုံလောက်စွာ မရရှိခြင်းကြောင့် ကမ္ဘာ တစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ် ၂ ဒသမ ၈ သန်းခန့်မှာ နှစ်စဉ်သေဆုံး နေရကြောင်း သိရသည်။

လင်းသူ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...