Social Icons

Pages

Tuesday, June 16, 2015

ဆီးဂိမ်းနှင့် မြန်မာ့စိတ်ဓာတ်


 
ဆီးဂိမ်းနှင့် မြန်မာ့စိတ်ဓာတ်

(၂၈)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ဇွန် ၁၅ ရက် မြန်မာ စံတော်ချိန် ည ၇နာရီတွင် စင်ကာပူနိုင်ငံ အမျိုးသား အားကစားကွင်း ၌ ကျင်းပရာ မြန်မာအသင်း နှင့် ထိုင်းအသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ ကြသည်။

မြန်မာအသင်း အနေဖြင့် အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ်၊ အားကစား စိတ်ဓာတ် အပြည့်ဖြင့် ပြိုင်ဘက် ထိုင်းအသင်းကို ယှဉ်ပြိုင် ကစားခဲ့ရာ ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးမရှိ သရေဖြင့် ကစားနိုင် ခဲ့သည်။ ဒုတိယပိုင်း ၄၅ မိနစ်ကို ဆက်လက် ကစားရာ ပွဲချိန် ၅၃ မိနစ်တွင် ထိုင်းအသင်းက ဦးဆောင်ဂိုး သွင်းခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ထိုင်းအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူး သွားသည်။

ထိုသို့ မြန်မာအသင်း သုံးဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သော်လည်း မြန်မာအသင်း၏ အနိုင်မခံ၊ အရှုံးမပေးသော စိတ်ဓာတ် ၊ အားကစား စိတ်ဓာတ် အပြည့်ဖြင့် နောက်ဆုံး အချိန်ထိ ရေကုန်ရေခန်း ကြိုးစား ကစားသွားမှုသည် မြန်မာပြည်သူများ သာမက ကမ္ဘာအရပ်ရပ်မှ ကြည့်ရှုသူ များ၏ စိတ်တွင် အမှတ်ထင်ထင် ရှိစေမည့်၊ ဂုဏ်ယူဖွယ် မှတ်တမ်းတင် ရမည့် ကြိုးစား အားထုတ်မှုနှင့် စိတ်ဓာတ် ဖြစ်သည်။

မြန်မာအသင်းသည် နိုင်ငံ့ဂုဏ်ဆောင် နိုင်ရန် ၊ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်၊ အောင်မြင်မှုရရန် ကြိုးစား အားထုတ် ခဲ့သည်ကို ကျေနပ်ဖွယ် တွေ့မြင်ရသည်။ ထို့အတူ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ မြန်မာပြည်သူ တို့၏ မျိုးချစ်စိတ်ဓာတ် ၊ အားကစားစိတ်ဓာတ် ပြည်ပရောက် မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ် ၊ အားကစားစိတ်ဓာတ် အပြည့်ဖြင့် အားပေးမှု သည်လည်း ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဖွယ် စိတ်ဓာတ်အဖြစ် မြင်တွေ့ ခံစားရသည်။ ဗိုလ်လုပွဲတွင် စင်ကာပူ အမျိုးသား အားကစားကွင်း ၌ မြန်မာလူမျိုးတို့ ကွင်းတစ်ဝက်ကျော် အားပေး နေသကဲ့သို့ ရုပ်မြင်သံကြားမှ မြန်မာပြည်သူ တစ်ရပ်လုံးက စိတ်အား ထက်သန်စွာ ၊ စည်းကမ်းရှိစွာ ၊ အားပေးနေကြ သည်မှာလည်း ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့ဖြစ်ရာ (၂၈)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ တွင် မြန်မာအသင်း အနေဖြင့် ငွေဆုဖြင့်သာ ကျေနပ် ခဲ့ရသော်လည်း မြန်မာအသင်း နှင့် မြန်မာလူမျိုး တို့၏ မျိုးချစ်စိတ် ၊ တိုင်းချစ် ပြည်ချစ်စိတ်၊အားကစားစိတ် နှင့် စည်းလုံး ညီညွတ်၍ စည်းကမ်းရှိစွာ အားပေးမှု တို့ကို ဖော်ပြနိုင်ခဲ့၍ မြန်မာနိုင်ငံ အတွက် ဂုဏ်သိက္ခာ တက်သည့် မော်ကွန်းတစ်ရပ် ကို ရေးထိုးနိုင်ခဲ့၍ မြန်မာအသင်း နှင့် မြန်မာပြည်သူ ၊ ပြည်သားများအား ရတနာပုံ က ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )





#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...