Social Icons

Pages

Monday, May 18, 2015

သင်္ဘောသား အသက်အာမခံကို လေးယူနစ်အထိ ထားနိုင်ရန် လုပ်ဆောင်သွားမည်


ရန်ကုန် ၊ ၁၈-၅-၂၀၁၅

မြန်မာ့အာမခံ လုပ်ငန်းသည် သင်္ဘောသား များ၏ တောင်းဆိုမှုကြောင့် သင်္ဘောသား အသက်အာမခံကို တစ်ယူနစ်သာ လက်ခံရာမှ အနာဂတ်တွင် လေးယူနစ် အထိ တိုးချဲ့လက်ခံ သွားရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။

''သင်္ဘောသား တွေက ခဏခဏ လာပြောကြတယ်။ တစ်ယူနစ်တည်း လက်ခံတာထက် ယူနစ်တွေ တိုးပြီး ပို လက်ခံပါလို့ ပြောကြတယ်။ ကျွန်တော်တို့ မြန်မာ့ အာမခံ လုပ်ငန်းကလည်း သင်္ဘောသား အသက် အာမခံကို ယူနစ်တွေ တိုးပြီး လက်ခံဖို့ ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာ့ အာမခံ လုပ်ငန်းက သင်္ဘောသား အသက်အာမခံကို လေးယူနစ် အထိ လက်ခံသွားမှာပါ ''ဟု ၄င်းက ပြောသည်။

မြန်မာ့အာမခံ လုပ်ငန်းသည် လက်ရှိတွင် သင်္ဘောသား အသက်အာမခံ လျော်ကြေး ပြန်ပေးသည့် အခါတွင် တစ်ယူနစ်လျှင် မြန်မာငွေကျပ် သိန်း ၅ဝ လျော်ကြေး ပေးခြင်းကြောင့် လေးယူနစ် လက်ခံလျှင် အာမခံ လျော်ကြေး အနေဖြင့် မြန်မာငွေကျပ် သိန်း ၂ဝဝ ကို အာမခံ လျော်ကြေး အဖြစ် ပေးသွားမည် ဖြစ်သည်။

မြန်မာ့အာမခံ လုပ်ငန်းမှ သင်္ဘောသား အသက် အာမခံကို လေးယူနစ် အထိ တိုးမြှင့်လက်ခံ လိုက်သည့် အချိန်တွင် ယခင်က အာမခံကြေး အဖြစ် တစ်ယူနစ်လျှင် မြန်မာငွေကျပ် နှစ်သောင်း ငါးထောင် ယူရာမှ ထပ်တိုး လက်ခံသည့် အချိန်တွင် အသက် အာမခံကြေး အဖြစ် လေးယူနစ်စာ မြန်မာငွေကျပ် တစ်သိန်း ယူမည် ဖြစ်သည်။

မြန်မာ့အာမခံ လုပ်ငန်း အနေဖြင့် သင်္ဘောသား အသက်အာမခံကို ယူနစ် ထပ်တိုးပြီး လက်ခံလိုက်လျှင် သင်္ဘောသားများ အနေဖြင့် သင်္ဘောသား အသက်အာမခံ ကြေးကို ပိုထားမည်ဟု မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ သင်္ဘောသား ဦးရေ တစ်သိန်းကျော် ရှိရာတွင် သင်္ဘောသား အသက်အာမခံ ထားသည့် ဦးရေမှာ ရှစ်သောင်းကျော်သာ ရှိကြောင်း သိရသည်။ သင်္ဘောသား တချို့သည် မြန်မာ့အာမခံ လုပ်ငန်းမှ ပေးသည့် သင်္ဘောသား အသက်အာမခံ လျော်ကြေးငွေမှာ နည်းသောကြောင့် ပြည်ပနိုင်ငံ များ၌သာ အသက်အာမခံ ထားရှိမှုများလည်း ရှိကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...