မန္တလေး ၊ ၆-၅-၂၀၁၅
မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးကို ဆောင်ရွက်ရာတွင် တောင်စဉ် တောင်တန်းများ စိမ်းလန်းစိုပြည် လာစေရန် စစ်ကိုင်းတိုင်း ဒေသကြီး မှ တောင်တန်း သုံးခု၊ မကွေးတိုင်း ဒေသကြီးမှ တောင်တန်း ခြောက်ခု၊ မန္တလေးတိုင်း ဒေသကြီးမှ တောင်တန်း ရှစ်ခု စုစုပေါင်း တောင်စဉ် တောင်တန်း ၁၇ ခုတို့တွင် သစ်တော စိုက်ခင်းများ ထူထောင်ခြင်း နှင့် သဘာဝတော ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ညွှန်ကြားရေးမှူးချုပ် ရုံးမှ သိရသည်။
.
အဆိုပါ လုပ်ငန်းများကို ပူပြင်း ခြောက်သွေ့၍ မိုးခေါင် ရေရှားသည့် အပူပိုင်းဒေသ အတွင်း သဘာဝ ပေါက်ပင်များ အသင့်အတင့် ကျန်ရှိနေသော ဒေသများ ပြန်လည် စိမ်းလန်း လာစေရန်၊ ပတ်ဝန်းကျင် ဒေသများ၊ ရာသီဥတု မျှတစေပြီး ပူအိုက် ခြောက်သွေ့ခြင်းမှ လျော့ပါး သက်သာစေရန် တောင်ကတုံး များတွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းဖြင့် တောနှင့် တောင်တန်းများ ပြန်လည် လှပလာစေရန်၊ တောရိုင်း တိရစ္ဆာန် များနှင့် ကျေးငှက်မျိုးစုံတို့ လွတ်လပ်စွာ ကျက်စားနေထိုင် စေပြီး သဘာဝ ပတ်ဝန်းကျင် ကို ပိုမိုလှပအောင် ထိန်းသိမ်း ကာကွယ်ရန်၊ တောနှင့် တောင်တို့၏ သဘာဝ ရှုခင်းများကို ကမ္ဘာလှည့် ခရီးသည်များ ရှုမြင်ခံစား နိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြို့နယ်အလိုက် တောင်တန်း စိုက်ခင်းများ တည်ထောင်ခြင်း အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ၊ ချောင်းဦးမြို့နယ် တို့တွင် ဧက၂ဝဝ၊ မကွေးတိုင်း ဒေသကြီး ပေါက်၊ ပခုက္ကူ၊ မင်းဘူးမြို့နယ် တို့တွင် ဧက ၅ဝဝ၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ် တို့တွင် ဧက ၃ဝဝ စုစုပေါင်း ဧက ၁ဝဝဝ စိုက်ပျိုး တည်ထောင်ပြီး ဖြစ်ကြောင်း သိရသည်။
.
တောင်စဉ် တောင်တန်းများ အနေဖြင့် ကျောက္ကာ- ရွှေမြင်တင်၊ ဗောဓိတထောင် ဒေသ၊ ကျောက္ကာ - ရွှေမြင်တင်- နွယ်ခွေ တောင်တန်း၊ တက်မတောင်၊ တန့်ကြည်တောင်၊ ဝင်းမွေး တောင်တန်း၊ တောင်တစ်လုံး တောင်၊ ကုက္ကဲတောင်၊ တောင်သာတောင်၊ တောင်ဗြဲစဲ တောင်၊ မယ်ညိုတောင် စသည်တို့ ဖြစ်ကြောင်း သိရသည်။ (၁၈ဝ)
.
#Yadanarpondaily

No comments:
Post a Comment