Social Icons

Pages

Saturday, March 28, 2015

ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော်


ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူတော် နှင့် ရေတံခွန်ကို ကြည်နူးဖွယ် တွေ့ရစဉ်

သက်နိုင် (ပြင်ဦးလွင်)

ပြင်ဦးလွင်သို့ ရောက်လာကြ သူတိုင်း မသွားမဖြစ် သွားရောက်လည်ပတ် လေ့လာကြသည့် အထင်ကရ နေရာများ ထဲတွင် ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပိတ်ချင်းမြောင် သည် ပြင်ဦးလွင်မြို့ ၏ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ဝက်ဝံကျေးရွာ ၏ တောင်ဘက် နှစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ ဘေးပတ်ဝန်းကျင် ရှိ ရှမ်း၊ ဓနု ရွာလေးများနှင့် သစ်သီးဝလံ ပန်းမန် စိုက်ခင်းများကို ကြည့်ရှု ခံစားရင်း နာရီဝက်အတွင်း ရောက်ရှိ နိုင်သည်။

လိုဏ်ဂူတော်၏ အဝင်ဝတွင် ရှေးယခင်က ပိတ်ချင်းပင်များ ထူထပ် များပြားစွာ ပေါက်ရောက် ခဲ့သည်ကို အစွဲပြု၍ ပိတ်ချင်းမြောင် ဟု ခေါ်တွင်ခဲ့သည်။ လိုဏ်ဂူတော်သည် ၁၆ဝ၈ ပေ ရှည်လျားပြီး ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃၂ဝဝ ခန့်တွင် တည်ရှိသည်။ ဘူမိဗေဒ ပညာရှင်များ၏ ခန့်မှန်းချက် အရ လိုဏ်ဂူတော်၏ သက်တမ်းမှာ နှစ်သန်းပေါင်း ၂၃ဝ မှ ၃၁ဝ အတွင်း တည်ရှိပြီး မြေလွှာ ပြတ်ရွေ့ခြင်း၊ တွန့်ခေါက်ခြင်း တို့ကြောင့် ဖြစ်ပေါ် လာရသည်ဟု သိရသည်။

ဂူ၏ အဝင်ဝ အကျယ်မှာ ပေ ၄ဝ ခန့်ရှိပြီး အချို့ နေရာများတွင် ပေ ၁၂ဝ ခန့်အထိ ကျယ်ဝန်းသော်လည်း အလွန် ကျဉ်းမြောင်းသော နေရာများလည်း ရှိသည်။ ဂူအတွင်း ထုံးကျောက်တုံးများ၊ ကျောက်ဆောင်ငယ် များဖြင့် ဖွဲ့စည်းထားပြီး ကျောက်စက် ပန်းဆွဲများမှ စိမ့်စမ်းရေများ တစ်နှစ်ပတ်လုံး စိမ့်ထွက် စီးဆင်းလျက် ရှိသည်။ ပိတ်ချင်းမြောင်ကို တောတောင်များ ပတ်လည် ဝန်းရံထား၍ ဒယ်အိုး ပုံသဏ္ဌာန် အနေအထားဖြင့် တည်ရှိ နေသည်။

လိုဏ်ဂူတော်၏ ထူးခြားချက်မှာ တစ်နှစ်ပတ်လုံး စိမ့်စမ်းရေများ တသွင်သွင် စီးနေပြီး နွေအခါ၌ အလွန် အေးမြ၍ ဆောင်းအခါတွင် နွေးထွေး နေခြင်း ဖြစ်သည်။

နွေရာသီ ရေနည်းပါးချိန် ဖြစ်ပါက စမ်းရေထွက် များမှ ရေများပိုမို ထွက်ရှိလာသည်။ မိုးသည်းထန်စွာ ရွာသွန်းသော အခါများ၌ ဂူအတွင်း ရေပမာဏမှာ မြင့်တက်လာခြင်း မရှိသည် သာမက ရေများမှာလည်း နောက်ကျိခြင်း မရှိဘဲ ကြည်လင်လျက် ရှိသည်။ ထို့ပြင် ဂူအတွင်း၌ ခြင်၊ ယင်နှင့် လူတို့ကို ဘေးအန္တရာယ် ပြုနိုင်သော သတ္တဝါများ မတွေ့ရှိရပေ။ ၁၉၈၉ ခုနှစ် မတ်လ ၈ ရက်က လိုင်ဂူတော်အတွင်း နဂါးရုံ ဗုဒ္ဓ ရုပ်ပွားတော်ကို စတင်တည်ထား ကိုးကွယ်ပူဇော် ခဲ့ကြချိန်မှ စ၍ ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် အဖြစ်သို့ ရောက်ရှိလာပြီး ပြည်တွင်းမှ ဘုရားဖူး ဧည့်သည်များ မှသာမက ကမ္ဘာလှည့် ခရီးသည်များပင် လာရောက် လည်ပတ်ရာ အထင်ကရ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဂူအတွင်း နဂါးရုံဘုရား အပြင် ဘုရားလောင်း ရဟန်းပြု ပြီးနောက် တရားထူးကို ဆက်လက် ရှာဖွေရာ ဥရုဝေလတော သို့ ရောက်ရှိလာပြီး သေနနိဂုံး သို့ ဆွမ်းခံဝင်၍ ဆွမ်းဘုဉ်း ပေးတော်မူ ပြီးလျှင် ဆွမ်းခံသွား ရသည်ကိုပင် တရားအလုပ် အနှောင့်အယှက် ဟု ထင်သောကြောင့် ဒုက္ကရ စရိယာ ကျင့်တော်မူ နေပုံ၊ ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားေ ဟာကြားဟန်၊ နဂါးမင်း နှင့် ဗုဒ္ဓဘုရား ဖလသမ္မာပတ် ဝင်စားဟန်၊ ကိုးတောင်ပြည့် ကံထူးထွဋ်ခေါင် ရွှေစေတီတော်၊ ကိုးတောင်ပြည့် ပေါင်းလဲ ကိုယ်တော်၊ မိဂဒါဝုန်တော၊ အံသွားတော် ရေကျ၊ အန္တရာယ်ကင်း ပိတ်တွင်းရေကျ၊ စောင်းတန်း ကိုးသွယ်၊ ကျောက်ဆင်း တုထိုင် ကိုယ်တော်၊ ရေစက်ကျ ရပ်တော်မူ၊ နိမိတ်ကြီး လေးပါး၊ ဗောဓိပင်နှင့် ရွှေပလ္လင်၊ မဟာမုနိ ကြေးဆင်းတု တော်ကြီး၊ ကံထူတံခွန် စေတီတော်၊ အောင်ခြင်းရှစ်ပါး၊ ပုပ္ပား တောင်တော်၊ ကျိုက်ထီးရိုး စေတီ၊ နဂါးမင်း မောင်နှမ အခွေထက် မြတ်စွာဘုရား ဖလသမ္မာပတ် ဝင်စားဟန် တို့ကို အဆင့်ဆင့် ဖူးမြော်ရမည် ဖြစ်ပြီး လိုဏ်ဂူတော် ဆုံးခါနီးတွင် သုဒ္ဓါဝါသ ထပ်ဆင့်ဂူတော် တစ်ခုကို ထပ်မံ တွေ့ရပေမည်။ ထို ဂူတော်အတွင်း ၌ ပွင့်တော်မူ ပြီးသော မြတ်စွာဘုရား ရုပ်ပွားတော် များကို သရက်ပင်၊ ပိန္နဲပင်၊ ဗောဓိညောင်ပင် တို့အောက်တွင် သီတင်းသုံး နေသည်ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရမည် ဖြစ်သည်။

ထို့ကြောင့် ပြင်ဦးလွင်၏ တောတောင် ရေမြေ သဘာဝအလှ များကို ခံစားရင်း တစ်နေရာ တည်းတွင် ဘုရားစုံ ဖူးမြော်ကြည်ညို နိုင်ပြီး ဘေးပတ်ဝန်းကျင် ရှိ နှစ်ထပ်ဂူ၊ သုံးဆင့် ရေတံခွန် တို့သို့လည်း သွားရောက် နိုင်သည် ဖြစ်သောကြောင့် ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် သို့ အရောက်လှမ်း ခဲ့ကြပါဟု ဖိတ်ခေါ် လိုက်ရ ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...