Social Icons

Pages

Wednesday, May 6, 2015

ဆန်ပြုတ်သောက်ခြင်းဖြင့် အစာအိမ်ရောဂါ သက်သာစေနိုင်


ဆန်ပြုတ်သောက်ခြင်းဖြင့် အစာအိမ်ရောဂါ သက်သာစေနိုင်

ကြည်မြင့်လွင် (မုဒြာ)

မြတ်စွာ ဘုရားရှင် လက်ထက်က ဓာတ်လေးပါး မညီမျှသဖြင့် ရောဂါ ဝေဒနာခံစား ရသော ရဟန်းတော်များကို ယာဂု (ခေါ်) ဆန်ပြုတ် ရည်ကျဲ သောက်သုံး စေခြင်းဖြင့် သက်သာ စေသည်ဟု ကျမ်းဂန် များတွင် ဖတ်ရှု မှတ်သားရသည်။ ရဟန်တော်များ တောရ ကျင့်သုံးသော အခါ ဓာတ်မျှ၍ ကျန်းမာပေါ့ပါး ရောဂါ မများအောင် ဘုရားရှင် ခွင့်ပြု တော်မူသည့် ဆန်ပြုတ်ရည် ကျဲကို ''ယမန်းရည်'' ဟုလည်း ခေါ်သည်။

ယာဂု ယမန်းရည်တွင် (၁) ပဲနောက် (၂) နှမ်း (၃) ဆန်လုံးတီး ဟူ၍ (၃)မျိုး ပါဝင်သည်။ ၄င်း (၃)မျိုးကို ဆတူရောစပ်ပြီး လက်တစ်ဆုပ် စာကို ရေနှစ်ခွက်ဖြင့် ကျိုသောက်ခြင်း အားဖြင့် ရဟန်းတော် များတွင် ဓာတ်ငါးပါး မျှတကာ ဆီးများ၊ ချွေးထွက်၊ ဓာတ်မှန်၊ လေသက် ဖြစ်သည် ဟု သဘာဝဓမ္မ အလင်းပြကျမ်း တွင် ဖတ်ရှုရသည်။

ယခုခေတ်တွင် ရဟန်းသံဃာ များကို နံနက် အရုဏ်ဆွမ်းစား ပင့်သော အခါ ကော်ဖီ၊ အချိုရည်နှင့် မုန့်များ ကပ်ခြင်းထက် ယာဂု ဆန်ပြုတ်ရည်ကျဲ ကပ်ခြင်းက ပို၍ အကျိုးများ သည်ဟု ဆရာတော် တစ်ပါးက မိန့်ကြား ဖူးသည်။ အရုဏ်ဆွမ်း မစားမီ ဆန်ပြုတ်ရည်ကျဲ သောက်ခြင်း အကျိုးမှာ အစာအိမ် ကျဉ်းနေသည်ကို ကျယ်လာစေပြီး ဝမ်းမီးကို နှိုးဆွပေးရာ ရောက်သည်။ ထို့ကြောင့် ကော်ဖီ သောက်ခြင်းထက် ပိုကောင်းမည် ဟု ယူဆခြင်း ဖြစ်နိုင်သည်။

စာရေးသူ၏ ဖခင် နယ် သတင်းထောက်ကြီး သည် အစာအိမ် လေနာ ဗိုက်အောင့်ရောဂါ ကို နှစ်ရှည်ကြာ ခံစားခဲ့ရရာ မုန့်လုပ် ဆော်ဒါကို ဆေးအဖြစ် သောက်ခဲ့ရသည့် အခြေအနေသို့ ရောက်ခဲ့သည်။ နောက်ဆုံးတွင် စာရေးသူ ၏ မိခင်ကြီးက နံနက်စောစော အိပ်ရာထ ချိန်တွင် ဆန်ပြုတ်ရည်ကျဲ ကို နေ့စဉ်မှန်မှန် ပြုတ်တိုက်ရာမှ တစ်လခွဲခန့် အကြာတွင် အစာအိမ် ရောဂါ သက်သာ ပျောက်ကင်း ခဲ့သည်ကို အမှတ်ရ နေပါ သေးသည်။

အစာအိမ် လေနာရောဂါ ခံစားရ သူများသည် စားချိန် သောက်ချိန် မမှန်သူများ၊ အပူ၊ အစပ်၊ အချဉ် အရသာများကို နှစ်သက်၍ လွန်ကဲစွာ စားသုံးသူများ၊ အရက်သေစာ သောက်သုံးသော အခါ အစာမရှိဘဲ သောက်သုံးသူများ၊ အဆီဖြင့် ကြွပ်အောင် ကြော်သည့် အကြော်အလှော် စားသုံးသူများ၊ မီးဖြင့်ကင်သည့် အကင်များကို နေ့စဉ် စားသုံးသူများ၊ အစာမခြေ သည့် ညဥ့်နက်ချိန်တွင် အစာ စားသောက် သူများတွင် ဖြစ်လေ့ရှိသည်။

ယခုခေတ်တွင် ကလေးသူငယ်များ တွင်ပါ အစာအိမ် ရောဂါ အဖြစ်များ လာသဖြင့် လေ့လာကြည့်ရာ ရယ်ဒီမိတ် ခေါ် အသင့်စား နိုင်သည့် အစာများ၊ မုန့်များကို စားသောက် ကြခြင်း၊ အစာ စားချိန်တွင် အချိုရည်ဘူး၊ အအေးများ သောက်သုံးကြ သဖြင့် အစာအိမ်မှာ ဝမ်းမီးပျက်ပြီး အစာမကြေ ရောဂါရလာခြင်း ဖြစ်သည်။ ဓာတုဗေဒ ဆိုးဆေး၊ အရောင် ဆိုးဆေးများကို ကလေးများ စားချင်အောင် အစားအသောက် များတွင် ထည့်ခြင်း ကြောင့်လည်း အစာအိမ်ရောင် ရောဂါ ရနိုင်သည်။

အစာအိမ် ရောဂါသည် မြို့ကြီးပြကြီး လူနေ ထူထပ်သည့် နေရာများတွင် ဖြစ်ပွားမှုနှုန်း ပို၍များသည်။ သဘာဝ မဟုတ်သည့် ပြုပြင် ထားသော အစာများကို နံနက် အိပ်ရာထချိန်တွင် စားသောက်ခြင်းမှ လုံးဝ ရှောင်ကြဉ်ပြီး ဆန်ပြုတ်ရည်ကျဲ တစ်ခွက်ကို နေ့စဉ်မှန်မှန် သောက်ပေး ခြင်းဖြင့် အစာအိမ် ကျန်းမာ စေနိုင်ကြောင်း တင်ပြ လိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...