Social Icons

Pages

Tuesday, May 12, 2015

နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၌ အများဆုံး လည်ပတ်လျက်ရှိသည့် ဒေသ ၁၀ ခုရှိ


Mergui archipelago, Myanmar


ရန်ကုန် ၊ ၁၂-၅-၂၀၁၅

ယခုအခါ မြန်မာနိုင်ငံ သို့ နိုင်ငံတကာ ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ သိသိသာသာ တိုးတက်များပြား လာသဖြင့် ခရီးသွား လုပ်ငန်းများ မှာလည်း ဖွံ့ဖြိုး တိုးတက် လာခဲ့ကြောင်း သိရသည်။ ယင်းသို့ ဝင်ရောက် လာသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည် များမှာ ဒေသန္တရ ဗဟုသုတ အခြေခံ ခရီးသွား လုပ်ငန်းများမှ တစ်ဆင့် လာရောက် လည်ပတ်မှု များနေပြီး မြန်မာနိုင်ငံ အတွင်း ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် အများဆုံး သွားရောက် လည်ပတ်နေသည့် ဒေသ ၁ဝ ခု ရှိနေကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်း ပိုင်ရှင်များ၏ ပြောပြချက် အရ သိရသည်။

ထို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များမှာ မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာ ဒေသများ၊ ဘာသာရေး အဆောက်အအုံ များနှင့် အထင်ကရ နေရာများသို့ သွားရောက် လေ့လာ နေကြသည့် အပြင် မြန်မာနိုင်ငံရှိ ဘေးမဲ့ တောများ၊ ရေတိမ် ဒေသများ၊ အမျိုးသား ဥယျာဉ်နှင့် သဘာဝ တောရိုင်း တိရစ္ဆာန် များကို လေ့လာသည့် Wild Life နေရာ ဒေသများ၊ ငှက်ကြည့် ခရီးစဉ်များ နှင့် ရှေးဟောင်း ပျူမြို့ သုံးမြို့တို့  ပါဝင်သော လေ့လာရေး ခရီးစဉ် များကို သွားရောက် လည်ပတ် ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်း ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် အများဆုံး သွားရောက် လည်ပတ် နေသော ဒေသ ၁ဝ ခုရှိသည့် နေရာများမှာ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပုဂံ- ညောင်ဦး၊ အင်းလေးကန်၊ ရခိုင်ပြည်နယ် ရှိ ငပလီကမ်းခြေ ၊ မြိတ်ကျွန်းစု ၊ ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်၊ မော်လမြိုင်မြို့၊ ချောင်းသာ ကမ်းခြေနှင့် မြစ်ဝကျွန်းပေါ် ဒေသများ ဖြစ်သည်။

ထို့အတူ အင်းလေးကန် သည် လှပသော တောင်ပေါ် ဒေသရှိ သဘာဝ ရေချိုကန်ကြီး ဖြစ်ပြီး လှပသော ရှုမျှော်ခင်းများ၊ ခြေထောက် ဖြင့် လှေလှော်သည့် ဓလေ့များနှင့် ရေပေါ် စိုက်ခင်း များသည် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် စိတ်ဝင်စားဖွယ် အမြင်ဆန်း တစ်မျိုး ဖြစ်ကြောင်း၊ မြိတ်ကျွန်းစုမှ ဆလုံ တိုင်းရင်းသား များ၏ သဘာဝများ၊ ပင်လယ် ကမ်းခြေ အလှအပများ၊ ပင်လယ်ရေ လုပ်ငန်း ကနုကမာ နှင့် ငှက်သိုက်များ အပြင် ဧရာဝတီ မြစ်ကြောင်း ခရီးမှ သဘာဝ ပတ်ဝန်းကျင် အလှအပများ၊ မြစ်ကမ်း တစ်လျှောက် ၌ စိတ်ဝင်စားဖွယ် မြို့ရွာများ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မိန်းမလှကျွန်း ကဲ့သို့သော ဘေးမဲ့ ဒီရေတော ကြီးများ၊ မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ သဘာဝအတိုင်း မွေးမြူ စောင့်ရှောက် ထားသည့် မိကျောင်း မွေးမြူရေး လုပ်ငန်းများနှင့် ကဒုံကနိ ပင်လယ်ပြင် ရှိ ကဒုံးလေးကျွန်း ပေါ်မှ ပင်လယ်လိပ် သားဖောက် လုပ်ငန်းများမှာ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အတွက် စိတ်ဝင်စားဖွယ် ဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ဒေသ ၁ဝ ခုမှာ မြန်မာ့ ခရီးသွား လုပ်ငန်းများကို များစွာ အထောက်အကူ ပြုနေ သကဲ့သို့ မီးခိုး မထွက်သည့် စက်ရုံများ ဟုလည်း တင်စားထားသည်။ ၄င်း ဒေသများသည် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုး တိုးတက် လာစေသည့် အပြင် နိုင်ငံခြားဝင်ငွေ များကို ရှာဖွေ ပေးနေသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...