Social Icons

Pages

Wednesday, May 20, 2015

မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမူဝါဒ ထုတ်ပြန်မည်



ရန်ကုန် ၊ ၂၀-၅-၂၀၁၅

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပမည့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဖရင့်၌ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း မူဝါဒနှင့် မဟာဗျူဟာ များအား ထည့်သွင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကွန်ဖရင့်သို့ နိုင်ငံပေါင်း ၂ဝ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်မည် ဖြစ်ပြီး ကွန်ဖရင့်တွင် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း မှာ ပိုမို ကောင်းမွန်သည့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပိုမိုခိုင်မာ လာစေခြင်း၊ သင့်လျော် ကောင်းမွန်သော ပတ်ဝန်းကျင် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း နှင့် သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည့် ယန္တရား တစ်ခုအသွင် ဖြစ်ပေါ် လာစေရေး များအား အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သဘာဝ နယ်မြေ ဒေသများအတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဖရင့်အား အပြည်ပြည် ဆိုင်ရာ တောင်တန်း ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး ပေါင်းစပ် ဗဟိုဌာန၏ ပံ့ပိုး ကူညီမှုဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန တို့မှ ပူးတွဲလက်ခံကာ ယခုနှစ် မေ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ကွန်ဖရင့် ကျင်းပသည့် ရက်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ နီပေါနိုင်ငံ အခြေစိုက် တောင်တန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပြည်ပြည် ဆိုင်ရာ ဗဟိုဌာန (IMIMOD) ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန တို့ ပူးပေါင်း ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း မူဝါဒနှင့် မဟာဗျူဟာ ကို ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝအခြေခံ ခရီးသွား လုပ်ငန်းတွင် ခရီးရှည် လမ်းလျှောက်ခြင်း၊ အပန်းဖြေ စခန်းချခြင်း၊ ကာကွယ်တော ဧရိယာများသို့ သွားရောက် ကြည့်ရှုခြင်း ၊ ငှက်ကြည့်ခြင်း၊ ရေအောက်သို့ စူးစမ်းခြင်း၊ ပတ်ဝန်းကျင် ရှုခင်း လေ့လာခြင်းများ ပါဝင်ပြီး မြန်မာနိုင်ငံတွင် သဘာဝ အခြေခံ ခရီးသွားစခန်း ၂၁ ခု အထိရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် သုံးသန်းကျော် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွား အများစုသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ သို့သာ သွားရောက်မှု များပြားနေပြီး သဘာဝအခြေခံ ခရီးသွားနယ်မြေ များသို့ သွားရောက်မှုမှာ နည်းပါးကြောင်း၊ ထိုကဲ့သို့ နည်းပါးရခြင်းမှာ အဆိုပါ ခရီးစဉ်များအား သိရှိမှု နည်းပါးခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...