Social Icons

Pages

Monday, May 25, 2015

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အင်းလေးကန် ရေလျော့နည်းကျဆင်းမှု ပိုမိုဆိုးရွား လာသဖြင့် ဒေသခံများ အထူးစိုးရိမ်နေ



ညောင်ရွှေ ၊ ၂၅-၅-၂၀၁၅

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အထူး စိတ်ဝင်စားကာ လာရောက် လေ့လာ လည်ပတ်လျက် ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်က သဘာဝ အလျောက် တည်ရှိနေသည့် ကုန်းမြင့် အင်းလေး ရေကန်ကြီး၏ မေလ ဒုတိယပတ် အတွင်း ရေလျော့နည်း ကျဆင်းရခြင်း အခြေအနေမှာ တစ်နေ့တခြား ပိုမိုဆိုးရွား လာကြောင်း ဒေသခံများ ထံမှ သိရသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် NGOs များမှ နည်းပညာ အကူအညီများ၊ သက်ဆိုင်ရာ မြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ သောင်တူးစက်များ၊ ဒေသခံ ရက်ကန်း စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဒေသခံ အချို့၏ ပူးပေါင်း ဆောင်ရွက် နေမှုကြောင့်သာ ဘုရားဖူး ခရီးစဉ်ဆိုင်ရာ ရေလမ်းကြောင်း ၌ ပုံမှန်သွားလာ နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ ပြုပြင်လျက် ရှိနေ၍သာ မော်တော်များ အနေဖြင့် ကန်ကြီး၏ ရေအူ လမ်းကြောင်း အတိုင်း ခုတ်မောင်း သွားလာနိုင် သော်လည်း ကန်ကြီး၏ တောင်ဘက် ဘီလူးချောင်း နှင့် အနီးကပ်ဆုံးရှိ ကန်ထိပ်မှ ကျေးရွာများ၊ အဓိက ကုန်ထုတ်လုပ်မှု နှင့် ကုန်စည်များ စီးဆင်းရာ ကန်၏ ပတ်လည် ကျေးရွာ အားလုံး၏ ရေလမ်းခရီး သွားလာမှုမှာ အခက်အခဲ များစွာ ဖြစ်ပေါ် နေသည်ဟု သိရသည်။

လက်ရှိ ရေလျော့နည်း ကျဆင်းမှုမှာ ၂ဝ၁ဝ ပြည့်နှစ် မေလအတွင်း ရှိခဲ့သည့် သတ်မှတ် ရေအမှတ် အောက်သို့ ရောက်ရှိနေပြီး ၂ဝ၁ဝ ပြည့်နှစ် ရေခန်းခြောက်မှု တွင်မေလ ရောက်မှ စတင်ဖြစ်ပေါ် ခဲ့သော်လည်း ယခု ၂ဝ၁၅ ခုနှစ်၌ မတ်လ တတိယအပတ်မှ စတင်ခဲ့သည် ဟုသိရသည်။

တစ်နေ့လျှင် လက်မဝက်နှုန်း ဖြင့် လက်ရှိ မေလ ဒုတိယအပတ် ၌ နှစ်ပေခွဲခန့် ထပ်မံ လျော့နည်းခဲ့ရာ အဓိကနေရာ တစ်ခုဖြစ်သည့် အင်းလယ်ဘိုတဲ အနီးတစ်ဝိုက် ရေအနက်မှာ သုံးပေခန့်သာ ကျန်ရှိတော့ကြောင်း မုတ်သုံ ဆောလျင်စွာ ဝင်ရောက်မှု မရှိခဲ့ပါက ၂ဝ၁ဝ ပြည့်နှစ်က ဖြစ်ပွားမှု အခြေအနေထက် ပိုမိုဆိုးရွား နိုင်ခြင်းကြောင့် ဒေသခံ အချို့မှ စိုးရိမ် ပူပန်လျက် ရှိသည်။

ရောဂါတစ်ခုကို အရေးပေါ် ဆေးမြီးတိုနှင့် ကုသ၍ မရနိုင် သကဲ့သို့ ဒေသခံများ မျှော်လင့် နေသကဲ့သို့ မုတ်သုံ အဝင်စော၍ မိုးရွာခဲ့သော် မှ လတ်တလော ရင်ဆိုင် နေရသည့် ပြဿနာကို ဖြေရှင်း မရနိုင်ကြောင်း၊ ရာသီဥတုနှင့် သက်ဆိုင်ပြီး အရေးပါသော သိပ္ပံဆိုင်ရာ အချက်အလက် များအပြင် ၊ ကန်၏အထက် လျော့ပါးလာသော လေထု စိုထိုင်းဆများ၊ ကန်၏ လက်ရှိရေငွေ့ ပြန်နှုန်း၊ ပတ်ဝန်းကျင်မှ တည်မြဲ သဘာဝ အရင်းအမြစ်၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ စိုက်ပျိုးနည်း စနစ်၊ ရေဝေရေလဲ ထိန်းသိမ်းရေးများ၊ ကန်ပတ်လည် ရှိ သစ်တော ဧရိယာ များနှင့် ဆက်နွှယ်လျက် ရှိကြောင်း၊ ယခုလို အဖြစ်မျိုးမှ ရှောင်လွှဲ လိုပါက အမျိုးသားရေး တာဝန်ကြီး တစ်ရပ် ကဲ့သို့ သတ်မှတ် ဆောင်ရွက်မှသာ အဆင်ပြေ နိုင်တော့မည် ဖြစ်ကြောင်း အင်းလေးကန် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် စောင့် ကြည့် လေ့လာသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ (၁၇၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...