Social Icons

Pages

Tuesday, May 19, 2015

ကမ္ဘာပေါ်တွင် ပင်လယ်၌ကျက်စားသော ရေငန်ငါးမျိုးစိတ်များကို အင်းတော်ကြီးအိုင် တစ်ခုတည်း၌သာ တွေ့ရှိနိုင်



မြစ်ကြီးနား ၊ ၁၉-၅-၂၀၁၅

ကမ္ဘာပေါ်တွင် ပင်လယ်၌ ကျက်စားသော ရေငန်ငါးမျိုးစိတ် များကို ရေချိုတွင် အင်းတော်ကြီးအိုင် တစ်ခုတည်း ၌သာ တွေ့ရှိ ကျက်စားလျက် ရှိကြောင်း ၊ အဆိုပါ ရှားပါး ရေငန် ငါးမျိုးစိတ်များကို မျိုးသုန်း ပျောက်ကွယ်ခြင်း မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သတ္တဗေဒ ပညာရှင်များ၏ လေ့လာချက် များအရ သိရသည်။

အင်းတော်ကြီးအိုင် (ပုံ) သည် ကမ္ဘာ့ပေါ်တွင် သက်တမ်း အရင့်ဆုံး ရေအိုင်ကြီး များတွင် စာရင်းဝင်ကြောင်း ၊ ကုန်းတွင် ရေချိုအိုင်ကြီး တစ်ခုဖြစ်ပြီး အရှေ့တောင် အာရှတွင် တစ်ခုတည်းသော မြေလွှာ ပြတ်ရွှေ့ဖြစ်ပြီး ချိုင့်ဝှမ်းကြီး တစ်ခုဖြစ်ကြောင်း ၊ အဆိုပါ အင်းတော်ကြီးအိုင် တွင် ပင်လယ်၌ ရှိသော အချို့သော ရေသတ္တ၀ါ မျိုးစိတ် ၅ မျိုးခန့် နေထိုင် ကျက်စားလျက် ရှိကြောင်း လေ့လာသူ တစ်ဦးက ပြောပြသည်။

" အင်းတော်ကြီးအိုင် ထဲမှာ ပင်လယ်မှာ တွေ့ရတဲ့ ရေနရား ငါးမျိုးစိတ် ၊ မိကျောင်း သွားကြားထိုးတံ ( ဒေသ အခေါ်အဝေါ် ) ငါးမျိုးစိတ် ၊ ဒန်နီရယ် ကျားသစ် ငါးမျိုးစိတ် ၊ ဒန်နီရယ် ချော်ပရာ ငါးမျိုးစိတ် စတဲ့ ရေသတ္တဝါတွေ ကျက်စား နေထိုင်တာ တွေ့ရပါတယ်။ နောက်ပြီး ပင်လယ်ခူ တွေလဲ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဒီ သတ္တဝါ တွေဟာ ရေချိုမှာ အင်းတော်ကြီးအိုင် တစ်ခု ထဲမှာပဲ ကျက်စားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရေသတ္တဝါ တွေ မျိုးမသုဉ်း စေဖို့ ထိန်းသိမ်း စောင့်ရှောက် မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ၊ ပညာရှင်တွေ ပူးပေါင်းပြီးတော့ စနစ်တကျ ထိန်းသိမ်းသင့် ပါတယ်။ ဒါမှ ရေရှည် တည်တံ့မယ် ထင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အင်းတော်ကြီးအိုင် အတွင်း၌ သဘာဝ ငါးမျိုးစိတ်ပေါင်း ၂ဝဝ ကျော် ကျက်စား နေထိုင်လျက် ရှိကြောင်း ၊ ဒေသငါးမျိုးများ ဖြစ်သော ငါးလပိ (ဒေသ အခေါ်အဝေါ်) ၊ ငါးစင်စပ် ငါးမျိုးများ ရှိကြောင်း၊ တီလားဗီးယား ၊ မြက်စားငါးကြင်း၊ ငါးရံ့ ၊ ငါးခူ စသော အသားစား ငါးမျိုးစိတ် များ ထည့်သွင်း မွေးမြူပါက ရှားပါးငါးများ မျိုးသုဉ်း ပျောက်ကွယ် သွားနိုင်ကြောင်း သိရသည်။

အဆိုပါ အိုင်ကြီးအတွင်း ရှိ ရှားပါး ငါးမျိုးစိတ် အချို့ကို အခြားဒေသမှ အလှမွေး ငါးလုပ်ငန်းရှင် များက ဒေသခံများ ထံမှ တစ်ကောင်လျှင် မြန်မာငွေကျပ် ၂ဝဝ၊ ၃ဝဝ ဖြင့် ဝယ်ယူကြောင်း၊ နိုင်ငံခြားသို့ တစ်ကောင်လျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြင့် ပြန်လည် ရောင်းချမှုများ ရှိကြောင်း၊ အချိန်မီ ထိန်းသိမ်းမှု မပြုလုပ်ပါက ရှားပါး ငါးမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ် နိုင်ကြောင်း သိရသည်။ (၁၈၀)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...