Social Icons

Pages

Thursday, April 9, 2015

အာဆီယံဒေသတွင်း လေကြောင်းလွတ်လပ်စွာ ပျံသန်းနိုင်ရေးမူဝါဒ နိုင်ငံအချို့ အဆင်သင့်မဖြစ်သေး၍ ၂၀၁၆ ခုနှစ်မှသာ သတ်မှတ်မည်



ရန်ကုန် ၊ ၉-၄-၂၀၁၅

၂ဝ၁၅ ခုနှစ်တွင် အာဆီယံ ဒေသအတွင်း လေကြောင်း လွတ်လပ်စွာ ပျံသန်းနိုင်ရေး အတွက် မူဝါဒများ ချမှတ်ရန် သတ်မှတ်ခဲ့ရာ ဒေသအတွင်း နိုင်ငံများက ကြိုးစားဆောင်ရွက် နေခဲ့ကြ သော်လည်း အာဆီယံ ဒေသအတွင်း နိုင်ငံအချို့မှာ အဆင်သင့် မဖြစ်ကြ သေးသဖြင့် ၂ဝ၁၆ ခုနှစ်မှစ၍ သတ်မှတ်ရန် ရွှေ့ဆိုင်းဆုံးဖြတ် ခဲ့ရကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သတင်းများ အရ သိရသည်။

အာဆီယံ ဒေသအတွင်း လေကြောင်း လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒများချမှတ် နိုင်ခဲ့လျှင် မြန်မာနိုင်ငံ၏ လေကြောင်းလိုင်း ဈေးကွက် အတွင်းသို့ နိုင်ငံတကာမှ လေကြောင်းလိုင်းများ ဝင်ရောက် လာကြမည် ဖြစ်သည်။ 

ထိုသို့ နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်ရောက်လာ ခဲ့လျှင် လက်ရှိ ပြည်တွင်း လေကြောင်းလိုင်း များအနေဖြင့် လေကြောင်းလိုင်း ဈေးကွက်များကို ယှဉ်ပြိုင်လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လေကြောင်းလိုင်း ဈေးကွက် ယှဉ်ပြိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံ လေကြောင်းကဏ္ဍ အနေဖြင့် ယခုအချိန် ကပင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ရမည်ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (လေယာဉ်စက်မှု) ညွှန်ကြားရေးမှူး က ပြောပြသည်။

''အာဆီယံ ဒေသအတွင်းမှာ ရှိနေတဲ့ နိုင်ငံတွေ အချင်းချင်း လွတ်လပ်စွာ ပျံသန်းသွားလာ နိုင်ဖို့ လေကြောင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပေါ်လစီ ရေးဆွဲရမှာ ဖြစ်ပါတယ်။ ပထမတော့ အခု ၂ဝ၁၅ ခုနှစ်အတွင်းမှာ ပေါ်လစီကို စတင် ရေးဆွဲနိုင်ဖို့ စီစဉ်ထားခဲ့ ပေမယ့် ဒေသအတွင်းမှာ ရှိနေတဲ့ နိုင်ငံတချို့က အဆင်သင့် မဖြစ်သေးတာကြောင့် ၂ဝ၁၆ ခုနှစ်ကို ရွှေ့ဆိုင်းခဲ့ ရတာပါ။ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂၅ ခုနှစ်ထိ ၁ဝ နှစ်အတွင်းမှာ ရေးဆွဲချမှတ်ဖို့ ''အာဆီယံ ဒေသအတွင်း လေကြောင်းလိုင်း များ လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒ (ASEAN Open Sky) ချမှတ်ရေး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အာဆီယံ ဒေသအတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒ (ASEAN Open Sky) ချမှတ်ရေး ဆွေးနွေးပွဲကို မတ်လ အတွင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး အာဆီယံ ဒေသတွင်း နိုင်ငံများမှ တာဝန်ရှိသူများ၊ အာဆီယံ အဆင့် လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ပြည်တွင်း ပြည်ပ လေကြောင်းလိုင်း များနှင့် ခရီးသွား လုပ်ငန်းများမှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲနှင့် အတူ လေကြောင်းဆိုင်ရာ ပြပွဲများကို ပြသခဲ့ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...