Social Icons

Pages

Saturday, March 14, 2015

ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော် ဆင်နွှဲရန် မဏ္ဍပ် တစ်ရာနီးပါး ခွင့်ပြုရန်လျာထားပြီး CCTV ကင်မရာများ လုံခြုံရေးအရ တပ်ဆင်မည်


ရန်ကုန် ၊ ၁၄-၃-၂၀၁၅

ရန်ကုန်မြို့တော် အတွင်း လာမည့် မဟာသင်္ကြန် ပွဲတော်အတွက် မဏ္ဍပ်ပေါင်း ၁ဝဝ နီးပါး ဆောက်လုပ်ခွင့်ပြု ပေးရန် လျာထားပြီး လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်ရမည် ဖြစ်ကြောင်း ရန်ကုန်သင်္ကြန် မဏ္ဍပ် နေရာချထား ပေးရေးကော်မတီ မှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရန်ကုန်သင်္ကြန် ပွဲတော်အတွက် လူစည်ကားမှု များသော ကန်တော်ကြီး ပတ်လမ်း၌ ရေကစားမဏ္ဍပ် ၁ဝ ခု၊ ကမ္ဘာအေးစေတီ လမ်းမပေါ်၌ မဏ္ဍပ်အကြီး ၁ဝ ခု အပါအဝင် ရန်ကုန် တစ်မြို့လုံး၌ မဏ္ဍပ်ပေါင်း ၁ဝဝ နီးပါး ဆောက်လုပ် ခွင့်ပြုရန် လျာထားကြောင်း၊ ရန်ကုန် တစ်မြို့လုံး၌ ရေကစားမဏ္ဍပ် အကြီး ၃ဝ ခန့်ကို ဆောက်လုပ်ခွင့် ပြုရန် စီစဉ်ထားကြောင်း၊ ယင်း သင်္ကြန်မဏ္ဍပ် များအတွက် စည်းကမ်းချက် များကို ယခင်နှစ်များ အတိုင်း ထုတ်ပြန်ထားကြောင်း၊ CCTV ကင်မရာများ ကိုလည်း ယခင်နှစ်များ ကဲ့သို့ လုံခြုံရေးအရ မဖြစ်မနေ တပ်ဆင်ရမည် ဖြစ်ပြီး မတပ်ဆင်သော မဏ္ဍပ်များအား အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လုံခြုံရေး ဝန်ထမ်းများကို အလုံအလောက် ခန့်အပ်ထားရန်၊ မဏ္ဍပ်များ၌ လုံခြုံရေးနှင့် တခြား လိုအပ်ချက်များ အရ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် ညွှန်ကြားနိုင်ရန် မဏ္ဍပ် ဆောက်လုပ်ခွင့် တင်ပြ သူများက တရားဝင် တင်ပြထားသော တယ်လီဖုန်း နံပါတ်များကို အမြဲတမ်း ဆက်သွယ်မှု မပြတ်စေရေး ဆောင်ရွက် ထားရှိရန် ညွှန်ကြားထား ကြောင်း၊ အလားတူ ဆောက်လုပ်ခွင့် ရသော မဏ္ဍပ်များကို လက်လွှဲ ရောင်းချခြင်း မပြုလုပ်ရန် တားမြစ် ထားကြောင်း၊ ပြီးခဲ့သည့် နှစ်အတွင်းက သင်္ကြန်မဏ္ဍပ် ၁ဝဝ နီးပါးရှိခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်း၌ ၁၈ ခု၊ ကမ္ဘာအေး စေတီလမ်းမ ပေါ်၌ ၁၂ ခု၊ ပြည်လမ်း၌ လေးခုရှိကြောင်း သိရသည်။

ယခုနှစ်တွင် ရန်ကုန်သင်္ကြန် ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေး အတွက် ကျင်းပရေး ဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်း၍ ကြီးကြပ် သွားမည်ဖြစ်ပြီး အများ ပြည်သူများ အနေဖြင့် မြန်မာ့ယဉ်ကျေးမှု နှင့် မကိုက်ညီသော အပြုအမူများ၊ ဝတ်စား ဆင်ယင်မှု များကို မပြုလုပ်ကြရန် မေတ္တာရပ်ခံ ထားကြောင်း၊ မဏ္ဍပ်များ တွင်လည်း အထက်ပါ စည်းကမ်းချက်များ အပါအဝင် လိုအပ်ပါက ချမှတ်ထားသော စည်းကမ်းများနှင့် အညီ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရန် လိုအပ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...