Social Icons

Pages

Monday, March 16, 2015

လုပ်မှား ကိုင်မှား ၊ ပြောမှား ဆိုမှား


လုပ်မှား ကိုင်မှား ၊ ပြောမှား ဆိုမှား

လူသားအားလုံး တို့သည် လောက သံသရာတွင် ကျင်လည်ကျက်စား သွားလာလှုပ်ရှား နေသူများ ဖြစ်ကြပြီး မိမိဘဝ ကောင်းကျိုး၊ မိမိလောက ကောင်းကျိုး များကို ပြုကြသည်။ သို့သော် လူတို့သည် သာမန် ပုထုဇဉ်များ ဖြစ်ကြ၍ သံသရာ ခရီးသွား နေစဉ် လုပ်မှား ကိုင်မှား၊ ပြောမှား ဆိုမှား ပြုမိတတ် ကြသည်။

လုပ်မှား ကိုင်မှား၊ ပြောမှား ဆိုမှား ပြုမူမိခြင်းသည် ယခုဘဝတွင် သာမက နောင် သံသရာ တွင်လည်း ကြီးစွာပူပန် ရတတ်သည်ကို တရားတော်တွင် ဆိုထားရာ ရှေးလူအများ စောင့်ထိန်း ကြသည်။

မျက်မှောက်ခေတ် ကာလတွင် ၄င်းအမှု ကိစ္စများကို အလွယ်တကူ ကျူးလွန် တတ်လာ ကြသည်။ တစ်ဦးနှင့် တစ်ဦး ထိခိုက် နစ်နာအောင် လုပ်မိခဲ့သော အကျိုးဆက်သည် တစ်ဦး တစ်ယောက်သာ ထိခိုက်နစ်နာ အကျိုးပျက်စီး စေသည် မဟုတ်ပေ။ နစ်နာအောင် ပြုသူသည် လည်း တူသော အကျိုးပေးကို အနှေးနှင့် အမြန် မလွဲစတမ်း ခံစားရသည်ဟု ကျမ်းဂန် ဇာတ်တော် များတွင် ပြဆို ထားသည်။

အမှားပြုမိသည် ဆိုရာတွင် မည်သူ့ကိုမျှ ထိခိုက် နစ်နာအောင် မပြုမူ သင့်ပေ။ မိမိတို့ အနေဖြင့် ယခုဘဝတွင် အပြောင်အပြက် ဖြစ်စေ၊ ပေါ့ပေါ့ဆဆ ဖြစ်စေ၊ တမင် ကြံရွယ်၍ ဖြစ်စေ တစ်ပါးသူကို ထိခိုက် နစ်နာအောင် မပြုမူမိ စေရန်လိုသည်။ အထူးသဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို မစော်ကား မိစေရန် အထူး ဂရုပြုကြ ရမည် ဖြစ်သည်။

မျက်မှောက် ကာလတွင် ဘာသာတရား အားနည်း၍ ဖြစ်စေ၊ ကိုယ်ကျင့်တရား ခေါင်းပါး၍ ဖြစ်စေ၊ ဒေါသ၊ မာန၊ လောဘ တရားတို့ ကြီး၍ ဖြစ်စေ ထိုကဲ့သို့သော အမှားမျိုးကို ကျူးလွန် တတ်ကြသည်ကို တွေ့ရသည်။ မြင့်မြတ်သော သူများကို ပြုမူ ကျူးလွန်ခြင်း ထက် သာမန်လူ အချင်းချင်း အလွယ်တကူ ပြုမူစော်ကား တတ်ကြသည်။

လူသားအားလုံး တို့သည် မနေမနား ရှည်လျားသော သံသရာ ခရီးကို သွားနေကြ သူများဖြစ်သည်။ သံသရာ ခရီးသည် တို့အတွက် ရှည်လျားသည်ဟု ထင်မြင် နိုင်သော်လည်း တိုတောင်း လှသည်။ ထိုသို့ တိုတောင်း လှသော လူ့ဘဝ ကာလအတွင်း တစ်ဦးနှင့် တစ်ဦးအပေါ် စော်ကားမှုမျိုး မပြုမိစေရန် သတိမူကြ ရမည် ဖြစ်သည်။

လောဘ၊ ဒေါသ၊ မောဟ၊ မာနများ လွှမ်းခြုံနေသော မျက်မှောက် ကာလတွင် အပြောင်အပြက် များပြီး တစ်ဦးနှင့် တစ်ဦး လုပ်မှား ကိုင်မှား၊ ပြောမှား ဆိုးမှားများ ပြုတတ်ကြ သောကြောင့် သံသရာ ခရီးအတွက် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့ဖြစ်ရာ မည်သည့်ဘဝ၊ မည်သည့် အဆင့်အတန်းတွင် မဆို အလွယ်တကူ ကျူးလွန်မိ တတ်ကြသော သံသရာ ခရီးသွား များ၏ လုပ်မှား ကိုင်မှား၊ ပြောမှား ဆိုမှား များကို သတိတရား လက်ကိုင် ထား၍ ဆင်ခြင် စောင့်ထိန်း ကြပြီး သံသရာ ခရီးကို လျှောက်လှမ်း ကြရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...