Social Icons

Pages

Monday, March 23, 2015

ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှုနှုန်း ကျဆင်းရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်မည်


ရန်ကုန် ၊ ၂၃-၃-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်များ ၌ သင်္ကြန်ကာလ အတွင်း မူးယစ် ရမ်းကားမှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ ခိုးမှုနှင့် လူသတ်မှုများ ဖြစ်ပွားလေ့ ရှိသဖြင့် ယခုနှစ်အတွင်း မှုခင်း ဖြစ်ပွားမှုနှုန်း ကျဆင်းရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် မဏ္ဍပ်များကို ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းကာ လုံခြုံရေး အတွက် အပြည့်အဝ စီမံဆောင်ရွက်မည် ဖြစ်ပြီး မဏ္ဍပ်များ၌ အကြမ်းဖက် ဖောက်ခွဲမှုများ မဖြစ်စေရန် လုံခြုံရေး ကင်မရာများ အပါအဝင် ရဲအင်အား အပြည့်အဝ ချထားပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ထို့အပြင် မဏ္ဍပ်တာဝန်ခံ နှင့် ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်းပြီး ရေကစား သူများ၏ ဝတ်စားဆင်ယင်မှု နှင့်ပတ်သက်၍ ကြိုတင် သတိပေးမည် ဖြစ်သကဲ့သို့ အရက် ၊ ဘီယာ ရောင်းသည့် ဆိုင်များကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များရှိ မဏ္ဍပ်များ၏ လုံခြုံရေး အစီအစဉ်များကို မတ် ၂၅ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြပေး ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်၌ ယခင်နှစ် ကထက် အကြီးစား မဏ္ဍပ် ၄၁ ခုနှင့် အလတ်စား မဏ္ဍပ်ငါးခု စုစုပေါင်း ၄၆ ခုတို့ကို တိုးမြှင့်ခွင့်ပြု ပေးသွားမည် ဖြစ်ပြီး ယခင်နှစ် များက စည်းကမ်းတကျ ဆောင်ရွက် ခဲ့သည့် မဏ္ဍပ်များကို ဦးစားပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ မဏ္ဍပ်များ နေရာချထားရေး ဆပ်ကော်မတီမှ သတင်း ထုတ်ပြန် ထားရှိသည်။

''လျှောက်လွှာ တင်ထားတဲ့ မဏ္ဍပ်တွေ ထဲကမှ လမ်းတံတား ဥပဒေအရ လွတ်၊ မလွတ်၊ လုံခြုံမှု ရှိ၊ မရှိ၊ ရေဆက်သွယ်မှု ကောင်း၊ မကောင်း၊ လမ်းပိတ်ဆို့မှု ရှိ၊ မရှိ ဒါတွေကို ကြည့်မယ်။ ဒီအချက်အလက် တွေနဲ့ ပြည့်စုံတယ် ဆိုရင် ဘယ်မဏ္ဍပ် မဆို ခွင့်ပြုမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦး က ပြောသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...