Social Icons

Pages

Tuesday, February 10, 2015

မြန်မာ့ကျောက်မျက် ရတနာအချောထည် များကို ပို့ကုန်လိုင်စင် မလိုဘဲ One Stop Service Centre မှ တရားဝင်တင်ပို့ရန် မြို့ကြီးနှစ်မြို့၌ ဖွင့်လှစ်ပေး

ရန်ကုန် ၊ ၁၀-၂-၂၀၁၅

မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများမှ ကျောက်မျက် ရတနာ အချောထည် များကို ပို့ကုန်လိုင်စင် မလိုဘဲ One Stop Service Centre ဖြင့် တရားဝင် ဆောင်ရွက်နိုင် စေရန် ရန်ကုန် နှင့် မန္တလေးမြို့ တို့၌ 

ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆောင်ရွက် ပေးမှုသည် မြန်မာနိုင်ငံ မှထွက်ရှိသော ကျောက်စိမ်း၊ အင်ကြင်းကျောက်၊ သလင်းကျောက် စသည်တို့ဖြင့် ပြုလုပ်ထားသော ကျောက်မျက် ရတနာ အချောထည် များကို ပြည်ပနိုင်ငံ များသို့ မှောင်ခိုအဖြစ် တင်ပို့ ရောင်းချခြင်းများ ရှိသည့်အတွက် မှောင်ခို ဈေးကွက် ပပျောက်ရေး လုပ်ဆောင် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောက်မျက် ရတနာနှင့် သတ္တု သယံဇာတ များကို တရားဝင် တူးဖော် ထုတ်လုပ်နိုင်ရန် ဥပဒေနှင့် အညီ မှတ်ပုံတင် ခွင့်ပြုပေး နေသည့်နည်းတူ တူးဖော်ရသည့် တွင်းထွက် ကျောက်မျက် ရတနာနှင့် သတ္တု သယံဇာတ များကို တရားဝင် ရောင်းချနိုင်ရန် ပို့ကုန် လိုင်စင်များကို ဥပဒေနှင့် အညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

ယခုကဲ့သို့ One Stop Service Centre များဖြင့် တရားဝင် ရောင်းချနိုင်ရေးကို စီစဉ်ပေးထား ခြင်းကြောင့် နိုင်ငံတော် အတွက် ဆုံးရှုံးနိုင်သော ဘဏ္ဍာငွေ အခွန်များ တိုးပွား လာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ အထိ စုစုပေါင်း သတ္တုတွင်းထွက် တရားမဝင် သယ်ဆောင် လာသည့် အမှုပေါင်း ၁၁ဝ မှုကို  တားဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်ဒေသ များမှတစ်ဆင့် တစ်ဖက်နိုင်ငံ များသို့ တရားမဝင် နည်းလမ်းများဖြင့် ရောင်းချမှု မရှိစေရေး ကိုလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ဇန်နဝါရီလ အထိ သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၃၅ဝ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာ များကို ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ သို့ အဓိက ရောင်းချနေရာမှ ယခုအခါ ဈေးကွက် ကျယ်ပြန့်မှု ရှိလာပြီး အနောက် နိုင်ငံများ၊ အာရှနိုင်ငံ များမှလည်း ဝယ်ယူမှုများ ရှိလာကြောင်း သိရ သည်။ ယင်းအတွက် မှောင်ခိုဈေးကွက် ကို ထိန်းချုပ်သည့် အနေဖြင့် လုပ်ကိုင်ခွင့် များကို တိုးမြှင့် လုပ်ဆောင်ပေး နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...