Social Icons

Pages

Monday, February 23, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Eleven မီဒီယာ တွေ့ဆုံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Eleven မီဒီယာ တွေ့ဆုံ
နေပြည်တော် ၊ ၂၃-၂-၂၀၁၅

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ပြည်တွင်း သတင်းမီဒီယာများဖြစ်သည့် Sky Net ၊ Tomorrow ၊ 7 Day ၊ Yangon Times ၊ Messenger ၊ Eleven တို့အား သီးခြားစီတွေ့ဆုံ၍ သတင်း မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ တွေ့ဆုံမေးမြန်းခဲ့သည့် သတင်းမီဒီယာများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က Eleven မီဒီယာနှင့်တွေ့ဆုံစဉ် သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက်အပြည့်အစုံအား ပြည်သူအများ သိရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

Eleven - ပထမဆုံးကျွန်တော်မေးချင်တဲ့ဒီအကြောင်းအရာကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်တပ်မတော်ရဲ့အခန်းကဏ္ဍ ဆိုတဲ့ခေါင်းစဉ်အောက်မှာမေးခွန်းလေးနဲ့ အကြောင်း အရာ ၂ ခုပဲလုပ်ထားပါတယ်။ တစ်ခုကတော့ကျွန်တော်တို့ ဒီအမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်ဆိုရင် ဒီမိုကရေစီအင်အားစု တွေနဲ့တပ်မတော် တိုင်းရင်းသားအင်အား စုတွေနဲ့တပ်မတော်ရဲ့ အနေအထားလေးတွေကိုမေးချင်တာပါခင်ဗျာ။ အဲဒီမှာကျွန်တော် မေးချင်တာက ဒီ ဒီမိုကရေစီအင်အားစုတွေနဲ့ကတော့ လွှတ်တော် ထဲမှာထိတွေ့ ဆက်ဆံမှု တွေရှိနေတယ် အဲအတွက်ကြောင့်မို့လို့ အကယ်၍များ ဒီ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဒီ ဒီမိုကရေစီ အင်အားစုတွေထဲကပဲ ကျွန်တော်တို့အုပ်ချုပ်ရေး မဏ္ဍိုင်မှာ တရားစီရင်ရေး မဏ္ဍိုင်မှာ ဒီလူတွေပဲ ပါဝင်ပတ်သက် လာမယ် ဆိုရင် တပ်မတော်အနေနဲ့ဘယ်လိုများ ထိတွေ့ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်သွားမလဲ ဆိုတဲ့ဟာကိုဗိုလ်ချုပ်မှူးကြီးရဲ့ အမြင်လေးမေးချင်လို့ပါခင်ဗျား။နောက်တစ်ခုကတော့ တိုင်းရင်းသားအင်အားစုတွေပေါ့ တိုင်းရင်းသားအင်အားစု တွေနဲ့ပတ်သက်လို့ရှိရင် အခုချိန်မှာ Federal ကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီမှုတွေလည်းရထားတယ်လို့သိရှိထားရပါတယ်။ဒါပေမဲ့ တချို့အချက်လေးတွေမှာ မပြေလည်တာလေးတွေ အနည်းငယ်ရှိနေတယ်လို့သိရပါတယ် အဲတော့ ဘယ်လိုအချက် အလက်တွေကြောင့် မပြေလည်မှုတွေရှိနေတာ လည်းဆိုတာ ဗိုလ်ချုပ်မှူးကြီးရဲ့ အမြင်ကိုသိချင်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - ခုနက ဒီမိုကရေစီအင်အားစုနဲ့ တပ်မတော်ရဲ့ကဏ္ဍမှာ ဒီအခန်း ဒီခေတ်ကတော့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ ဒီလမ်းကြောင်းကိုသွားတာလည်း ၂၀ဝ၈ခုနှစ် ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ သွားနေတာဖြစ်ပါတယ်။တပ်မတော်နေနဲ့လည်း သက်ဆိုင်ရာကဏ္ဍအလိုက် တရားဥပဒေပြုရေး အုပ်ချုပ်ရေးပိုင်း ဒီနေရာမှာ ဥပဒေနဲ့အညီလည်း ပါဝင်နေတာ ပြောလိုပါတယ်။ 

ဒါကြောင့်ဒီဥပဒေရဲ့ခွင့်ပြုထားတာ ကျော်ပြီးတော့ လုပ်လို့လည်း မရပါဘူး။ လုပ်လည်းမလုပ်ပါဘူး လုပ်ဖို့လည်း အစီအစဉ်လည်း မရှိပါဘူး ဥပဒေနဲ့အညီပဲသွားရမှာ။ အဲ့တော့အခုလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ဒီတရားဥပဒေပြုရေး အဖွဲ့အစည်း တွေမှာ တပ်မတော်ဟာလိုအပ်တဲ့ ကူညီပံ့ပိုးမှုနဲ့အကြံပေး မှုတွေမှာလုပ်ပိုင်ခွင့်ရှိတဲ့ဟာတွေကိုပဲလုပ်တာပဲရှိပါတယ်။ နောင် ၂၀၁၅ခုနှစ် အလွန်ကာလမှာ ဘယ်သူပဲဘာပဲ ဖြစ်လာဖြစ်လာ ကိုယ်တို့အနေနဲ့ဥပဒေနဲ့အညီပဲ ပါဝင်ဆောင်ရွက်မယ်ဆိုတာကို ပြောလိုတယ်။ ဘာမှလည်းအဆင်မပြေစရာအကြောင်းမရှိဘူး အဆင်ကို ပြေမှာပဲလုပ်လို့လည်း မရပါဘူး။ ဒါကတော့ဥပဒေနဲ့ အညီသွားရမယ့် ကိစ္စဖြစ်တာကိုး တပ်မတော်ဆိုတာကတော့ ဥပဒေကိုလေးစားရမယ် အပိုင်းနံပါတ်(၁) ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နံပါတ်(၁) မေးခွန်းနဲ့လုံလောက်ပါပြီ ။

Eleven - ဟုတ်ကဲ့ပါခင်ဗျား ကျေးဇူးတင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - နံပါတ်(၂)ပေါ့ တိုင်းရင်းသားနဲ့တပ်မတော်အခန်းကဏ္ဍ ဒီမှာ ကတော့ မြန်မာနိုင်ငံကတော့ တိုင်းရင်းသား အဓိကတိုင်းရင်းသား ၈ မျိုးနဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀ဝ ကျော် လောက် ရှိတာပေါ့နော် အတိအကျကတော့ လဝက ကနေ ထုတ်ပြန်မှပဲကိုယ်တို့ရမှာပေါ့ အပြောင်းအလဲလည်း ရှိကောင်း ရှိနိုင်ပါတယ်ဆိုတော့ ကိုယ်တို့ဟာ သေချာပိုင်းခြား သတ်မှတ် ထားတဲ့နယ်နိမိတ် အတိအကျရှိတယ် ဒီထဲမှာ တိုင်းရင်းသား တွေစုနေတယ် တိုင်းရင်းသားတွေစုပြီးတော့ နိုင်ငံတည်ထောင် ထားတာမဟုတ်ဘူး ဒီထဲမှာတိုင်းရင်းသား တွေအကုန်လုံး စုနေကြတယ် ဗမာရှိတယ် ကရင်၊ကယား၊ကချင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်း အကုန်လုံးရှိကြတယ်ဆိုတော့ ဒီက အားလုံးဟာ တူညီတဲ့စိတ်ဆန္ဒအကုန်လုံးရှိကြတယ် တူညီတဲ့စိတ်ဆန္ဒနဲ့ သွားဖို့လိုတာပေါ့ အဲတော့ နိုင်ငံတော်၊ နိုင်ငံတစ်ခုဆိုတာက အခုဒီခေတ်ကြီးမှာပေါ့ ကမ္ဘာ့နိုင်ငံအနှံ့မှာကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ဒေသကို ဘယ်လိုတိုးတက်အောင် လုပ်မယ် ဆိုတဲ့ဟာပဲသူတို့သွားကြတယ် မြန်မာနိုင်ငံရဲ့ ခုနက ထူးခြားချက် ကတော့ သိကြတဲ့ နိုင်ငံတွေအကုန်းလုံးနယ်နိမိတ်အပိုင်းအခြား တွေရှိပြီးသား ဖြစ်လို့ ဒီနိုင်ငံအတွင်းမှာ အစိတ်အပိုင်းတစ်ခုကို ဖဲ့ထုတ် ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး ဒါကြောင့်တူညီတဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲဆိုတော့ တိုင်းပြည်တိုးတက်အောင် လုပ်မယ်ဆိုတဲ့စိတ်ပေါ့ အဲတော့ခုနကပြောတဲ့ ကိုယ့်ညီမေးတဲ့ ဖက်ဒရယ်လို့ပြောလိုက်တော့ ဖက်ဒရယ်နဲ့ပတ်သက်ရင်တော့ အခုသွားနေတဲ့လမ်းကြောင်းကလည်း ဖက်ဒရယ်ကို အခြေခံ ထားတဲ့ ဒီမိုကရေစီအဆင့်ကျင့်သုံးတဲ့ ပြည်ထောင်စုနိုင်ငံ တစ်ခု ဖြစ်ပါတယ်။ အဲတော့ဒီပေါ်မှာလည်း Defination ဖွင့်တဲ့ အပေါ်မှာလည်းအများကြီး မူတည်တာပေါ့။ ပြောစရာတွေ အများကြီးရှိတာပေါ့ ဒါကိုဆွေးနွေးမယ်ဆိုလည်း တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူး ။

Eleven -ဟုတ်ကဲ့ပါခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - အဲဒါကတော့တိုင်းပြည်ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်ရှိဖို့လိုတယ် နောက်ဥပဒေနဲ့အညီ ကိုယ်ရဲ့လုပ်ပိုင်ခွင့် တွေရအောင် ဆောင်ရွက်ပြီးတော့မှ တိုင်းပြည် အပေါ်မှာ အလုပ်လုပ်ဖို့ပဲလိုတယ်လို့ ပြောလိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်သည် ဒါကိုအမြဲတမ်းရပ်တည် ပြီးဆောင်ရွက် သွားမယ်လို့ ပြောလိုပါတယ်။

Eleven - ဒုတိယအနေနဲ့ကျွန်တော်ရွေးကောက်ပွဲနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတဲ့ခေါင်းစဉ် အောက်မှာ ကျွန်တော်မေးချင်ပါတယ် အဲဒီမှာလည်းကျွန်တော် အပိုင်း ၂ ပိုင်းပေါ့ခင်ဗျာ။ တစ်ပိုင်းက တော့ ဒီကျွန်တော်တို့ သမိုင်းကြောင်းမှာ ကျွန်တော်တို့ အနီးစပ်ဆုံးပေါ့ ၁၉၅၈ ရွေးကောက်ပွဲမှာ တပ်မတော်နဲ့ပတ်သက် လို့ တပ်မတော်အရာရှိအချို့ ဝင်ရောက်စွက်ဖက်တယ် ဆိုပြီးတော့ ထုတ်ပယ် ခံရတယ်ဝေဖန်မှုအချို့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၆၂-၉၀ ရွေးကောက်ပွဲတွေမှာ တပ်မတော်အနေနဲ့ ကြားနေနေခဲ့ပါတယ်။ နောက်တစ်ခါ ၂၀၁၀ ရွေးကောက်ပွဲ ဝေဖန်မှုတချို့ရှိခဲ့တယ်။ ၂၀၁၂ ရွေးကောက်ပွဲ မှာ တပ်မတော်က ကြားနေ အနေနဲ့ နေထိုင်ခဲ့ပါတယ်။ အဲတော့ကျွန်တော်တို့ အခုမကြာခင်လာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်ရဲ့သဘောထား ဗိုလ်ချုပ်မှူးကြီးတို့အနေနဲ့ ဒီပေါ်မှာ ပြောပြနိုင်မယ့် အမြင်လေးတွေသိချင်ပါ တယ်ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ရွေးကောက်ပွဲကတော့ တိုင်းပြည်တစ်ခုရဲ့ကံကြမ္မာပေါ့လေ။ ကံကြမ္မာအဆုံး အဖြတ်ပေး တာပေါ့။ တပ်မတော်အနေနဲ့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပါတယ်။ ဒီဖြစ်နိုင်ဖို့ အတွက်လည်း ကိုယ်တို့ကြိုးစားနေတယ် အဲတော့ ဒါကြောင့်လည်း ကိုယ်တို့လည်းငြိမ်းချမ်းရေးတွေ ရအောင်လည်း ကြိုးစားပြီးတော့မှ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့နယ်မြေ တွေမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်နိုင်အောင် အတတ် နိုင်ဆုံးကြိုးစားနေတာပေါ့။ ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူးဆိုတာကတော့ မပြောနိုင်သေးဘူး။ ကိုယ်တို့အနေနဲ့ကတော့ စောစောက ပြောသလိုပေါ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနောက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ဒီရွေးကောက်ပွဲတွေမှာလည်း တပ်မတော် က သူ့နေရာနှင့်သူ သူ့ဆန္ဒရှိတဲ့အတိုင်း မဲပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကလည်း မဲပေးတယ်ဆိုတာလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ သတ်မှတ်ထားတဲ့ မဲပေးတဲ့စနစ်အတိုင်း သွားရပါတယ်။ အဲဒီအတိုင်းကိုယ်တို့ ဖြစ်အောင်လုပ်ပါတယ် အတတ်နိုင်ဆုံးလည်း Free and Fair ဖြစ်အောင်လုပ်ပေးမယ် လို့ ကိုယ်တော့ရည်ရွယ် ထားတယ် ဖြစ်လည်းဖြစ်စေချင်တာပေါ့။ ဒါတွေက သမိုင်းမှာမှတ်တမ်းတင်ဝင်သွားမယ့် ကိစ္စရပ်တွေ ဖြစ်တာပေါ့။ ဒါကြောင့် ကိုယ်တို့တွေအနေနဲ့အမှားအယွင်းမခံဘူး ဆိုတာပြောလိုတယ်။

Eleven - ဟုတ်ကဲ့ပါခင်ဗျား ကျေးဇူးတင်ပါတယ်။ နောက်တစ်ချက်ကအခု အပြင်မှာခန့်မှန်းမှုတွေ သုံးသပ်မှုတွေ ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ NLD ပါတီအခြေအနေကောင်း နိုင်တယ်ဆိုတဲ့ဝေဖန်မှုတွေ၊ သုံးသပ် မှုတွေရှိပါတယ် အဲဒီအတွက်ကြောင့်မို့လို့ အကယ်၍များ ဒီသုံးသပ်တဲ့အတိုင်းပဲ NLD နဲ့ပတ်သက်တဲ့ အင်အားစုတွေက အစိုးရတစ်ရပ်အနေနဲ့ရှိခဲ့မယ်ဆိုရင် ဒီတပ်မတော်အနေနဲ့ ဘယ်လိုများထိတွေ့ ဆက်ဆံမှုတွေရှိသွားနိုင်မလဲ နောက်တစ်ခါ ရွေးကောက်ပွဲ အပေါ်ပေါ့နော် ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ အမြင်လည်း သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ ခုနကနဲ့ဆက်စပ်တဲ့ကိစ္စပေါ့ အခုကဘာဘဲလုပ်လုပ် အလုပ်တစ်ခု လုပ်မယ်ဆိုရင် ဥပဒေနဲ့အညီတော့သွားရမယ်။ အဲတော့ရွေးကောက်ပွဲမှာ ဘယ်သူပဲ တက်လာတက်လာ ပေါ့ ဥပဒေနဲ့အညီပေါ့။ သူ့မှာပြဋ္ဌာန်းထားတဲ့အတိုင်း ကိုယ်တို့ပြောဆို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒီအဖွဲ့ရွေး ကောက်ပွဲမှာဘယ်သူနိုင်မယ် ဘယ်လိုနိုင်မယ် ဟိုလူရမယ် ဒီလူရမယ်ဆိုတာကတော့ ကြိုတင်မှန်းဆချက်သာ ဖြစ်တာပေါ့။ ကြိုတင် မှန်းဆချက်ဆိုတာကလည်း တချို့ကလည်းခက်တော့ ခက်ပါတယ် မှန်ရင်လည်း မှန်တာပေါ့ မှားရင်လည်း မှားသွား တာပေါ့။ အဲဒီတော့ဒါကိုလျှောက်ပြီးတွေးနေမယ့်အစား တကယ်လို့ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် ဘယ်လိုသွားမလဲ ဆိုတာ သွားနိုင်ဖို့အတွက်နည်းလမ်းကို ရှာရမယ် အဲဒီနည်းလမ်း ဟာ ဘာလဲဆိုတော့ ဥပဒေနဲ့အညီသွားချင်တာ နောက်တစ်ခါ နိုင်ငံရဲ့ရင့်ကျက်မှုပေါ့ ဒီပေါ်မှာလည်းနားလည် မှုရှိဖို့တော့ လိုတာပေါ့။ အဲဒီတော့ဘယ်နိုင်ငံ ဘဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံ တွေလို ရွေးကောက်ပွဲလုပ်လို့ရှိရင် ဒီမိုကရေစီရင့်တဲ့နိုင်ငံတွေကျ တော့ ရွေးကောက်ပွဲရလဒ်ကို ပြဿနာမရှိပေမယ့်လည်း ဒီမိုကရေစီမရင့်ကျက်တဲ့ နိုင်ငံနေနဲ့ ရွေးကောက်ပွဲရလဒ် ထွက်လာပြီဆိုရင်အနည်းအနဲ့အများ ပြဿနာတွေဖြစ်တတ်တာ ကို အခုတွေ့နေရပါတယ်။ ဒါကို ကိုယ်တို့ ကျော်လွှားနိုင် ဖို့ပဲလိုပါတယ် ဒါကတော့ပြဿနာ မရှိဘူးလို့ကိုယ်ပြောနိုင်ပါတယ်။

Eleven - ဟုတ်ကဲ့ပါခင်ဗျား ဒါလေးကိုတော့ကျွန်တော် ဆက်စပ်ပြီးဖြည့်စွက် မေးခွင့်ပြုပါခင်ဗျား။ စောစောက ပြောတဲ့ဒီမိုကရေစီရင့်ကျက်ပြီးတဲ့ နိုင်ငံနဲ့ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ နိုင်ငံတွေမှာရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်ပြီးတော့ ကျော်ဖြတ်ဖို့လိုတယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သုံးသပ်ချက်စကား အပေါ်မှာပေါ့နော် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘယ်လိုမျိုးထင်မြင်ယူဆ မိပါသလဲခင်ဗျာ။ အဲဒီရင့်ကျက်ခြင်း၊ မရင့်ကျက်ခြင်းရဲ့ ရလဒ်တွေ အပေါ်မှာအမြင်လေးကို သုံးသပ် ပေးစေချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - တို့ဟာအခု ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာအများဆုံး ကိုးကွယ်တဲ့သူ အများစု ဖြစ်ပါတယ်။ များတယ်ဆိုတော့ တကယ်တော့ တကယ်တမ်းအေးအေးချမ်းချမ်းနေကြတဲ့သူတွေပါပဲ။ ဒီပေါ်မှာ လှုံ့ဆော်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ တစ်မျိုးလေးပြောင်းလဲ သွားတာပေါ့ ဒါတော့နည်းနည်းလေးသတိ ထားရမှာပေါ့ ပြင်ပရဲ့ လှုံ့ဆော်မှုတွေမရှိဘူးဆိုလို့ရှိရင်တော့ ကိုယ်ထင်ပါတယ် အေးအေးဆေးဆေးနဲ့ပြီးသွားမယ့် သဘောတော့ ရှိတာပေါ့ လူဆိုတာတော့ဒီလိုပါပဲပြောကြဆိုကြမှာပါပဲ။ ကိုယ်ရဲ့အခွင့် အရေးကို မရဘူးဆိုရင်တော့ မကျေနပ်ချက်ကို ဖော်ထုတ်မှာပေါ့ ဒီဘက်ခြမ်းကမကျေနပ်ချက်ကို ပါနောက်လူကနေပါ ထပ်ပြီးတော့ ဒါဟာမင်းဟုတ်တယ်ဆိုပြီးတော့ သွားပြောလိုက်ရင်တော့ ပိုပြီး ပေါက်ကွဲလာမှာပေါ့ ဒါမျိုးမဖြစ်ဖို့ပဲလိုတာပါ။

Eleven - အဲတော့ဒီအခုကျွန်တော်မေးမြန်းသွားတဲ့ တပ်မတော်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကဏ္ဍပေါ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရော ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျွန်တော်မမေးမြန်းပေမယ့် သီးခြားဖြည့်စွက် ကျွန်တော့်ကိုရှင်းလင်းပြောလိုတာ အသိ ပေးလိုတာရှိရင်လည်း ပြောကြားစေခြင်ပါတယ်ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - လူတွေကတို့ဒီနိုင်ငံသားအားလုံး တူညီတဲ့ ရည်မှန်းချက်ရှိဖို့ လိုတာပေါ့ တူညီတဲ့ရည်မှန်းချက် ဆိုတာ တိုင်းပြည်ကိုဘယ်လို ကောင်းအောင်လုပ်မယ် တိုင်းပြည်ဘယ်လိုတိုးတက်အောင် လုပ်မယ် ဒီထက်ကောင်းအောင်လုပ်တာနဲ့ တိုးတက်အောင် လုပ်တာ မတူဘူးဆိုတာ မတူဘူးပေါ့ အဓိပ္ပာယ်ချင်းမတူဘူးပေါ့။ သူများတွေတိုင်းပြည်တိုးတက်နေတာကိုသွားပြီး အားကျလို့ မရဘူးပေါ့။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်လူတွေအားလုံး စုစု စည်းစည်းနဲ့ လုပ်နိုင်တဲ့ဟာမျိုးဖြစ်အောင် ဖန်တီးဖို့လိုပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာ ပဲရှိပါတယ် သူများတိုင်းပြည် အားကိုလို့မရပါဘူး။ သူများတိုင်းပြည်အားကိုးတယ် ဆိုတာ ခဏပဲဖြစ်ပါတယ်။ တကယ်တော့ခိုင်အောင်လုပ်ရမှာ ကိုယ့်ပြည်သူပြည်သား တွေရဲ့တာဝန်ဖြစ်ပါတယ်။ အကုန်လုံး အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်လို့ ပြောလို ပါတယ်။

Eleven - ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ကျွန်တော်မေးခွန်းမှာ နောက်ဆုံး အပိုင်း ရောက်နေပါပြီခင်ဗျား ဒီမေးမယ့် မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ ပုဂ္ဂိုလ်ရေး ဘဝနဲ့ဆိုင်တဲ့အကြောင်းအရာလေး မေးချင်ပါတယ်ခင်ဗျာ အဲဒါလေးတွေတော့မေးခွင့်ပြုပါခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - ဖြေနိုင်တဲ့ဟာလည်းဖြေမှာပေါ့ ။

Eleven - ကျွန်တော်မေးခွန်းလေးအရင်ပြောပါရစေ ဖြေနိုင်မယ်ဆိုလို့ ရှိရင်လည်း ကျွန်တော့်ကို ဖြေကြားပေးစေချင်ပါတယ်။ ဒီပုဂ္ဂိုလ်ရေးဘဝနဲ့ပတ်သက်လို့ရောဗိုလ်ချုပ်မှူးကြီးရဲ့ ဘဝအကျဉ်းချုပ် လောက်ပဲဖြစ်ဖြစ် ပေါ့ ကျွန်တော်တို့လည်း မသိထားကြတာဆိုတော့ မိဘအခြေအနေကစ ဖြတ်သန်းမှု လေးတွေကို အကျဉ်းမျှလေး ဖြစ်ဖြစ်ပြောပြပေးနိုင်မယ်ဆိုရင် ပြောပြနိုင်သလောက်လေး ပြောပြပေးစေချင်ပါတယ်ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ကိုယ့်မိဘတွေကတော့ ထားဝယ်ကဖြစ်ပါတယ်။ အဖေကပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းက အရာရှိတစ်ယောက်ဖြစ်ပါတယ် နောက် အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲတာ ပန်းချီဦးခင်လှိုင် လို့ခေါ်ကြတာပေါ့ ထားဝယ်ကဖြစ်ပါတယ်။ အဖေရောအမေရော ထားဝယ်သူ၊ထားဝယ်သားတွေဖြစ်ပါတယ်။ အဖေကအစိုးရ အမှုထမ်းဖြစ်တာကြောင့် တာဝန်ထမ်းဆောင်တဲ့နေရာတွေ ကိုယ်တို့သွားကြတာပေါ့ မန္တလေးမှာလည်းနေခဲ့တယ်၊ မင်းဘူးမှာ လည်း နေခဲ့တယ်။ ရန်ကုန်မှာလည်းနေတယ် ရန်ကုန်မှာ ၁၉၇၂ ခုနှစ်မှာ ဆယ်တန်းအောင်တယ် အထက(၁)လသာကနေ ဆယ်တန်းအောင်တယ် အဲဒီကနေပြီးတော့မှ တက္ကသိုလ် တက်တာပေါ့ ၇၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာဌာနမှာ ဥပဒေပညာ အဓိကနဲ့တက်တယ် ၇၃ ခုနှစ် ကုန်တဲ့အထိပေါ့ ဒုတိယနှစ် နှစ်ဝက်လောက်ထိ ကိုယ်တော့တက်တာပေါ့ အဲကဒီနေပြီးတော့ ၇၄ ခုနှစ်မှာ တပ်မတော်ထဲကို ကိုယ်ဝင် လိုက်တာပေါ့ ၇၇ ခုနှစ်မှာပြန်တမ်းဝင်အရာရှိ ခန့်အပ်ပါတယ် စစ်တက္ကသိုလ် အပတ်စဉ်(၁၉) ကနေပြီးတော့ ဆင်းလာတယ်။ ၇၇ ဒီဇင်ဘာလမှာကျောင်းဆင်းပြီးတော့ အဲဒီကနေဒုဗိုလ်ပေါ့ အရာရှိငယ်ဘဝ တောက်လျှောက်များသောအားဖြင့် ခြေလျင် တပ်တွေမှာပဲနေခဲ့တာများတယ် နောက် ၉၄ ခုနှစ်မှာ တပ်ရင်းမှူး ဖြစ်ပါတယ်။ ဒုတိယဗိုလ်မှူးကြီး ၉၅ ခုနှစ်မှာတင် ပါတယ်။ ၉၉ ခုနှစ်မှာဗျူဟာမှူးဖြစ်ပါတယ် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် တက်တယ် ၂၀ဝ၁ခုနှစ်မှာ တပ်မမှူးဖြစ်တယ် တပ်မမှူးကတော့ တပ်မ(၄၄) ပေါ့ (၄၄)ခြေမြန်တပ်မမှူးပေါ့။ အဲဒါပြီးတော့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်တာ ၂၀ဝ၃ ခုနှစ်မှာ ၂၀ဝ၄ ခုနှစ်မှာ ကိုယ်တိုင်းမှူးဖြစ်တယ်။ ပထမတိုင်းမှူးကတော့ နပခ ပေါ့ အဲဒီကနေပြီးတော့ နောက် တြိဂံတိုင်း တိုင်းမှာတိုင်းမှူးနဲ့နေတယ် ၂၀ဝ၈ ခုနှစ်ထိတိုင်းမှူးလုပ်ခဲ့တယ်။၂၀ဝ၈ခုနှစ်မှာကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်တာပေါ့ အဲဒါနေ ပြီးတော့ ညှိနှိုင်းကွပ်ကဲရေးမှူး နောက် ၂၀၁၁ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေးဦစီးချုပ် ဖြစ်ခဲ့တာပေါ့ ဒါတော့အကြမ်းဖျင်းပေါ့ ဇနီးရှိတာ့ပေါ့ သမီးတစ်ယောက် သားတစ်ယောက် ရှိပါတယ်။

Eleven - ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဒါလေးကလည်း ကျွန်တော်တို့ သိချင်လို့မေးတာပါ။ ဒါလောက်ဆိုပြည့်စုံပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ဘဝနဲ့ပတ်သက်လို့ပေါ့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ဒီ မိမိရဲ့လုပ်ပေါ်မှာ ခံယူတဲ့ခံယူချက်နဲ့ ဘဝပေါ်မှာခံယူတဲ့ ခံယူချက်နဲ့လေးပေါ့ အဲဒါလေးများပြောပြနိုင်မလား ပြောပြပေးနိုင်မယ်ဆိုရင် ခုနကလိုပဲ အကျဉ်းမျှ ပြောပြပေးစေ ချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - အဲလူဆိုတာတော့လေ ကိုယ့်အတွက်နံပါတ်တစ်အချက် ဘယ်လို တိုးတက်အောင် ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတဲ့စိတ် ဒီလိုစိတ်ရှိပါတယ်ကိုယ်လည်းဒီလိုပါပဲ။ဲ ငါ့အတွက် ငါ့ဘဝကို ဘယ်လိုကောင်းအောင်လုပ်မလဲ ငါ့ဘဝတိုးတက်အောင်ဘယ်လို ကောင်းအောင်လုပ်မလဲ ဆိုတဲ့စိတ်ပေါ့ဒီလိုတော့ရှိပါတယ်။ ဒီလိုနဲ့ ကိုယ်ကြိုးစားတာပါ နောက်တစ်ခုကလည်း ကိုယ်နဲ့လုပ်ဖော် ကိုင်ဖက်တွေ ကိုယ်ရဲ့အောက်က လက်အောက် ငယ်သားတွေ ဒါအခုကတော့လက်အောက်ငယ်သားတွေလို့ပြောလို့ရတယ် လုပ်ဖော်ကိုင်ဖက်ဆိုတာလည်းရှိတာပေါ့။ ပုဂ္ဂိုလ်ရေးအရ Personal အရပြောမယ်ဆိုရင်တော့ ငါ့ကိုယ်ငါ ဘယ်လို ကောင်းအောင် လုပ်မလဲဆိုတဲ့စိတ်ကို တိုးတက်အောင် လုပ်မယ် ဆိုတဲ့စိတ်ကို ဒါပေမဲ့သူများပေါ်မှာတော့ နင်းပြီးတော့ လုပ်မယ် ဆိုတဲ့ စိတ်လုံးဝမရှိပါဘူး။ နောက်ကိုယ့်အောက်ကလုပ်ဖော် ကိုင်ဖက်တွေလည်း သူတို့ဘယ်လို ကောင်းအောင် လုပ်နိုင်မလဲဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပေးနိုင်မယ့် နည်းလမ်းကို ကိုယ်ရှာပါတယ် လက်အောက်ငယ်သားကိုလည်း အကြံဥာဏ်ပေးတာပေါ့ တိုက်တွန်းတာပေါ့ ဒီလိုပဲကိုယ်စိတ် ရှိပါတယ် နောက် ကိုယ့်ဒေသအခုဆိုတပ်မတော်ပေါ့ တပ်မတော် ကောင်းအောင် ဘယ်လိုလုပ်မလဲ။ ကိုယ်ငယ်ငယ်လေး ကတည်းက ကိုယ့်တပ်မှာလည်းတပ်မှာဆို လည်းအကောင်းဆုံး ငါ့တပ် တပ်စုက ကောင်းအောင် ဘယ်လိုလုပ်မလဲ ကိုယ်တပ်ခွဲဆို လည်း သူများတပ်ခွဲနဲ့ ယှဉ်ရင်ဘယ်လိုကောင်းအောင် လုပ်မလဲ ကိုယ်တပ်ရင်းဆိုလည်း သူများတပ်ရင်းနဲ့ယှဉ်ရင် ကိုယ့် တပ်ရင်းဘယ်လို အားသာအောင်လုပ်မလဲ ကြိုးစားတာပေါ့ ဒါကတော့စစ်သားရဲ့ဘဝမှာ အတူတူပဲ ကြိုးစားခဲ့တာပေါ့ အဲလိုပဲသူများကိုလည်း ဒီလိုပဲတိုးတက် ချင်စိတ်ရှိတယ် တိုက်တွန်း ချင်တဲ့စိတ်ရှိတာပေါ့ ကောင်းစေချင်တဲ့စိတ်ရှိတယ် မကောင်းတဲ့ စိတ်တော့ အားပေးအားမြှောက်တော့ ဘာတစ်ခုမှမလုပ်ဘူး ကိုယ်ရဲ့ပုဂ္ဂိုလ်ရေးအရပြောရရင် အသောက်အစား၊ အပျော်အပါး လည်း ပတ်သက်ရင်လည်း ဆေးလိပ်တော့၊ စီးကရက်တော့ ဘာတော့ ဆေးသောက်တတ်တယ်၊ကွမ်းစားတတ်တယ်တို့လည်း မလုပ်ပါဘူး သူများကိုလည်း အားမပေးဘူး အရက်လည်း ဘာလည်းဆင်ဆင်ခြင်ခြင်ပေါ့လေ သုံးကြပြုကြဖို့ပဲတိုက်တွန်း မှာကြားတာပဲ ဒီလိုတော့ရှိပါတယ်။ နောက်တစ်ခါ တခြား ကျန်းမာရေးဆိုလည်း ဒီလိုပဲ ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ် သူများကိုလည်းမင်းဘယ်လိုနေ ဘယ်လိုကောင်းမလဲဆိုတဲ့ အကြံပြုချက်ပဲရှိတာပေါ့ ဒီလိုတော့ရှိတာပေါ့ ဒါလေးကတော့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးလုပ်ဆောင်ချက်လေးတွေပေါ့ ။

Eleven - ဟုတ်ကဲ့ပါ ခင်ဗျား နောက်ကျန်းမာရေးနှင့်ပတ်သက်လို့ ကျန်းမာရေးလိုက်စားတယ် ခုနကပြောတဲ့ ဆေးလိပ်တို့ ဘာတို့မလုပ်ဘူး ဆိုတာ ဗိုလ်ချုပ်မှူးကြီး ကိုကြည့်တာနဲ့တင် သိနိုင်ပါတယ်ခင်ဗျား။ နောက်တစ်ခုကတော့ ဒီလိုပါခင်ဗျား မကြာသေး ခင်ကဒီ Sevenday သတင်းမှာဖော်ပြ ထားတဲ့ သတင်းတစ်ခုပေါ့။ ဒီ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်ဆိုရင် ဗိုလ်ချုပ်မှုးကြီးဟာ အသက် ၆၀ ပြည့်တော့မယ်ဆိုတာ ကိုကျွန်တော်တို့ ဖတ်ရပါတယ်ခင်ဗျာ။ဒါပေမဲ့ကျွန်တော် တို့သိသလောက်ဆိုရင်တော့ ၂၀၁၆ မှသာလျှင် ပြည့်လိမ့်မယ်လို့ ကျွန်တော်တို့ကလည်း ကျွန်တော် တို့ သိရှိချက်ပါခင်ဗျာ မှန်မမှန်တော့ မသိသေးပါဘူး အဲတော့ ကျွန်တော်တို့သိချင်တဲ့ မေးခွန်းက အကယ်၍များအသက် ၆၀ ပြည့်ရင် ဒါသတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းတွေအရပဲ ဒီအနားယူဖို့ ပြောခဲ့ဖူးတဲ့ အတိုင်းပဲရှိမလား သို့မဟုတ် ဒါမှမဟုတ်လို့ရှိရင် သမ္မတ အပါအဝင်ပေါ့နော် တကယ်လို့များ ဒီနေရာမှာဆက်လက်တာဝန် ထမ်းဆောင်ဖို့ အခြေအနေ ပေါ်ပေါက်ခဲ့မယ် ဆက်လက် ထမ်းဆောင်ဖို့ တာဝန်ပေးချင်ကြမယ် လိုလားကြမယ်ဆိုရင်ရော ဗိုလ်ချုပ်မှူးကြီးမှာဘယ်လိုများသဘောထားများရှိပါသလဲ အဲဒါလေး သိချင်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး - ကိုယ်လတ်တလောအတွင်းပေါ့လေ လက်ရှိအခြေအနေအတွင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လုပ်ငန်းက အတော်လေးကျယ် ပြန့်တယ် အရမ်းလည်းရှုပ်ထွေးပါတယ်။ အများကြီး လည်းပဲကိုယ်တော့ ကြိုးစားပမ်းစားနဲ့လုပ်ရပါတယ်။ တကယ်ကို စိတ်ရော ကိုယ်ရောနှစ်ပြီးတော့လုပ်ရတာဖြစ်တဲ့အတွက် ကြောင့် ဒီကိစ္စကိုသိပ်တော့ခေါင်းထဲမှာ တော့မရှိပါဘူး အတွေ့ အကြုံကတော့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံ ကတော့ ရှိပါတယ် ရှိတဲ့ အတွက်ကြောင့် ဦးစားပေးမှုအဆင့်ထဲမှာ ကိုယ့်မှာတော့မရှိပါဘူး နောက်တစ်ခု က ၂၀၁၆ မှဆိုရင်ပြည့်မှာ ဖြစ်ပါတယ် ၂၀၁၆ ပါ ၂၀၁၅ မဟုတ်ပါဘူး ၂၀၁၆ မှပြည့်မှာ ဖြစ်ပါတယ်။ အဲတော့ စောလည်းစောပါသေးတယ် ၂၀၁၅ အောက်တိုဘာ၊ နိုဝင်ဘာ ရွေးကောက်ပွဲ ဆိုတော့ကိုယ်က အသက် လည်းမပြည့်သေးပါဘူး။ ဒါကြောင့် တိုင်းပြည်ရဲ့ လိုအပ်ချက်ဘယ်လို ရှိမလဲ တပ်မတော်လိုအပ်ချက် ဘယ်လိုရှိမလဲဆိုတာကိုလည်း မပြောနိုင်သေးဘူး။ ဒီမှာလည်း အမျိုးစုံပြောနေကြတာရှိတယ် လူပုဂ္ဂိုလ်ချင်းတစ်ဦးချင်းရဲ့ ထုတ်ဖော်ပြောဆိုမှုတွေရှိတယ် ပတ်ဝန်းကျင်ကနေ ပြီးတော့မှ သုံးသပ်ချက်တွေနဲ့ပြောနေကြတာ တွေလည်းရှိတယ် မျိုးစုံ တော့ရှိတယ် ဒါတွေကတော့ သူရဲ့သုံးသပ်ချက် တစ်ဦးချင်းရဲ့ အမြင်သာဖြစ်ပါတယ်။ ကိုယ်အနေနဲ့လည်း ဒီဟာနဲ့ပတ်သက်ပြီး တော့ သိပ်ပြီးလည်း ရှေ့တန်းမပေးဘူး ဦးစားမပေးဘူးလို့ လည်း ပြောချင်ပါတယ်။

Eleven - ဟုတ်ကဲ့ဖြေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီဟာလေး နဲ့ ဆက်စပ် ပြီးတော့ တစ်ခုလောက်တော့ မေးခွင့်ပြုပြပါခင်ဗျား။ အကယ်၍များ ဒီနိုင်ငံရေးနယ်ပယ်ထဲကိုပေါ့ ဝင်ရောက်ပြီးတော့ ဆောင်ရွက်ဖို့ များရည်ရွယ်ထားတာရှိသလား ဒါမှမဟုတ်လို့ရှိရင် လက်ရှိမှာတော့ ဘယ်လိုဆုံးဖြတ်ချက်မျိုးချမယ် မချဘူးဆိုတာ ဘာမှ မဆုံးဖြတ်ထားသေးတဲ့ အခြေအနေမျိုးလား ဆိုတာသိချင်ပါ တယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - ခုနက ပြောသလိုပေါ့ ဘာမှမလုပ်ရသေးဘူး ဘာလို့လဲဆိုတော့ တိုင်းပြည်ရဲ့လိုအပ်ချက် တပ်မတော်ရဲ့ လိုအပ်ချက် ဘာမှန်းကို ကိုယ်တော့မပြောနိုင်သေးဘူး။ ဒီလိုအပ်ချက်ပေါ် မူတည်ပြီး ဆောင်ရွက်မယ် လောလောဆယ်ဘာမှဆုံးဖြတ်ထားတာ မရှိပါ ဘူး။ ဒါပေမဲ့ဘယ်လိုဘဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်တော့ ရှိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတယ် ဆိုတာကိုယ်ပြောရဲ ပါတယ်။

Eleven - ဟုတ်ကဲ့ပါခင်ဗျာ့ နောက်ထပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ နောက်တစ်ခါ တရုတ်-မြန်မာ နယ်စပ်မှ ပေါ်ပေါက်နေတဲ့ တိုက်ပွဲ အခြေအနေအပါအ၀င်ပေါ့ ဖြည့်စွက်ပြီးတော့ အသိပေးချင်တာ ရှင်းလင်းချင်တာ ရှိရင် ပြောပြ ပေးစေချင်ပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး - နိုင်ငံရဲ့ အနေအထားကတော့ တို့က အတွေ့အကြုံလည်း လည်း အင်မတန်နည်း ပါသေးတယ်။ လေးနှစ်ကာလပဲ ရှိသေးတော့ ဒီပေါ်မှာ စိတ်ရှည်သည်းခံပြီး အလုပ်လုပ်ဖို့လည်း လိုလိမ့်မယ် မေတ္တာရပ်ခံ ချင်တာကတော့ တရားဥပဒေနဲ့အညီ သွားကြဖို့ပဲ ကိုယ်ရဲ့သက်ဆိုင်ရာ ကဏ္ဍကနေ ကြိုးပမ်းလုပ်ဆောင် ဖို့လိုတယ် အလုပ်သမားလည်း အလုပ်သမား အလျောက်၊ လယ်သမားလည်း လယ်သမား အလျောက်၊ ကျောင်းသားလည်း ကျောင်းသား အလျောက် တပ်လည်း တပ်အလျောက် ဝန်ထမ်းလည်း ဝန်ထမ်းအလျောက် ပေါ့ ကိုယ့်နယ်ပယ အတွင်းမှာ အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီး ဆောင်ရွက် သွားစေချင်တယ် ဒီလိုပဲ လိုအပ်ချက်ရှိမှာပဲ တချို့လိုအပ်ချက် တွေမှာတော့ ပတ်ဝန်းကျင်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်လာတဲ့ပယောဂ တွေကြောင့် ဖြစ်လာတာ ဒါကိုနည်းနည်း အသိတရားနဲ့ ထိန်းဖို့ လိုအပ်ပါတယ်။ ဒါဟာတိုင်းပြည်ရဲ့ တိုးတက်မှုမှာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ နောက် ခုနကပြောတဲ့ နယ်စပ်ဒေသကိစ္စ ကလည်း ဒီလိုပါပဲ။ သတိတရားရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင် ရတယ်။ နောက်တစ်ခါ စည်းလုံးညီညွတ်တဲ့ အင်အားနဲ့ လုပ်မယ်ဆိုရင် ရတယ်လို့
ကိုယ်ပြောလိုတယ်။ ဘာမှ ကြောက်စရာ မရှိပါဘူး။ တိုင်းပြည်ရဲ့ အင်အားက ပြည်တွင်းမှာပဲ ရှိပါတယ်။ ကိုယ် ပြည်သူအားကို ယုံပါတယ်။

Eleven - အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ တခြား ဘာများ ဖြည့်စွက် ပြောချင်တာ ၊ တခြား ပြောချင်တာများ ရှိရင် ပြောကြားပေးပါ။

ဗိုလ်ချုပ်မှူးကြီး - ထူးထူးခြားခြားတော့ မရှိပါဘူး။ တကယ်တမ်းတော့ တိုင်းပြည်ရဲ့ လူထုအနေနဲ့ အမှန်ကို သိရှိပြီးတော့မှ ဆင်ခြင်တုံတရားနဲ့ လုပ်နိုင်အောင် ဖန်တီးပေးကြဖို့ပဲ ပြောလိုပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...